ခိုးဆိုးလုယက်မှုများကို နှိမ်နင်းနိုင်ခြင်းမရှိသည့် တာချီလိတ်ရဲတပ်ဖွဲ့က ကျောင်းဆရာမ တစ်ဦးကို နိုင်ငံတော်နှင့်ရဲတပ်ဖွဲ့အပေါ်  အကြည်ညိုပျက်စေသည်ဟုဆိုကာ ၅၀၅-က ဖြင့် အမှုဖွင့် ဖမ်းဆီး

ခိုးဆိုးလုယက်မှုများကို နှိမ်နင်းနိုင်ခြင်းမရှိသည့် တာချီလိတ်ရဲတပ်ဖွဲ့က ကျောင်းဆရာမ တစ်ဦးကို နိုင်ငံတော်နှင့်ရဲတပ်ဖွဲ့အပေါ်  အကြည်ညိုပျက်စေသည်ဟုဆိုကာ ၅၀၅-က ဖြင့် အမှုဖွင့် ဖမ်းဆီး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် နေ့စဉ် ဖြစ်ပွားနေသည့် ခိုးဆိုးလုယက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသည့် တာချီလိတ်ရဲတပ်ဖွဲ့က မူလတန်းပြ ကျောင်းဆရာမ တစ်ဦးကို နိုင်ငံတော်နှင့်ရဲတပ်ဖွဲ့အပေါ် အများပြည်သူ အကြည်ညိုပျက်စေရန် လုပ်ဆောင်သည်ဟုဆိုကာ ဖမ်းဆီးပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း ပါလျှံဝန်ထမ်းအိမ်ရာတွင်နေထိုင်သည့် အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)မှ မူလတန်းပြဆရာမ ဒေါ်နန်းတယ်မီစိုးအား တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့၏ ညွှန်ကြားမှုဖြင့် ဟောင်လိတ်နယ်မြေရဲစခန်းက စခန်းမှူးနှင့်အဖွဲ့မှ ၂၀၂၃ခုနှစ် ဧပြီလ(၂၆)ရက်နေ့ ညနေပိုင်းတွင် နေအိမ်သို့ သွားရောက် ဖမ်းဆီးခြင်း ဖြစ်သည်ဟု သိရသည်။ 



ဆရာမ ဒေါ်နန်းတယ်မီစိုးအား ဖမ်းဆီးပြီးနောက် ၏ Facebook အကောင့်တွင် "ရဲလိုင်းခန်းက ရဲ ရေမော်တာကိုတောင် ခိုးသွားတယ် ဆိုတော့.."စတေးတပ် အပါအဝင် NUG ကို ထောက်ခံကြောင်း စာနှင့်ပုံများ အပါအဝင် လက်(၃)ချောင်းထောင်ထားသည့် ပုံအချို့ကို တွေ့ရှိ၍ဟုဆိုပြီး နိုင်ငံတော်နှင့်ရဲတပ်ဖွဲ့အပေါ် အများပြည်သူ အကြည်ညိုပျက်စေရန် လုပ်ဆောင်သည်ဟုဆိုကာ ဟောင်လိတ်နယ်မြေရဲစခန်းတွင် စခန်းမှုးဖြစ်သူ ရဲအုပ်ပြည့်စုံဖြိုးက တရားလို ပြုလုပ်ပြီး (ပ)၃၅/၂၀၂၃ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးချုပ်နှောင်ထားရှိကြောင်း သိရသည်။

"Facebook အကောင့်မှာ အဲ့လိုစာတွေ ပုံတွေ တွေ့လို့ ဖမ်းတာဆိုရင် တာချီလိတ်မြို့ တစ်မြို့လုံးနီးပါးရဲ့ Facebook အကောင့်တွေမှာ ရှိနေတာပဲ ဖမ်းရင် ဖမ်းလို့တောင် ကုန်မှာမဟုတ်ဘူးလေ။ ၂.၂.၂.၂.၂ သပိတ်တုန်းကဆိုရင် တာချီလိတ်တမြို့လုံး နီးပါး ပါဝင်ခဲ့ကြတာပဲ။ တော်တော်များများကလည်း ၂၀၂၁တုန်းက တင်ခဲ့တာတွေကို ပြန်ဖျက်ဖို့ မေ့နေကြတာတွေပေါ့။ အခုလက်ရှိဆိုရင် Facebook တွေမှာ အဲ့လို တင်နေကြတာ မရှိသလောက်ဘဲ။ နားလည်ပေးလို့ရတာကို နားလည်မပေးတာပဲ နောက်ပြီး ဆရာမက လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့သူလေ။ ညှာတာလို့ရတာကို ဘာလို့ အမှုဖွင့်လဲဆိုတာ စဉ်းစားလို့မရဘူး"ဟု ကျောင်းသားမိဘ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့တွင် နေ့စဉ် နေ့ရောညပါ ဓါးရှည်များ အသုံးပြုပြီး ဆိုင်ကယ်စီးလာသူများကို ဓါးပြတိုက်ခြင်း၊ လုယက်ခြင်းများ လုပ်ဆောင်နေရာမှ ၂၀၂၃ခုနှစ် ဧပြီလ(၂၅)ရက်နေ့က တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အပိုင်း ပါလျှံဝန်ထမ်းအိမ်ရာအနီးရှိ ရဲမိသားစုလိုင်းခန်းတွင် ရေမော်တာ ခိုးခံရမှုအထိ ဖြစ်ပွားခဲ့သည်။

"တာချီလိတ်မြို့မှာ တကယ့်အရေးကြီးတဲ့ အလုပ်တွေရှိနေတာပဲ။ နေ့စဉ် ဒေသခံတွေအတွက် စိတ်မလုံမခြုံဖြစ်နေတဲ့ လုယက်မှုတွေ ဓါးခုတ်ပြီး လုတာတဲ့ကိစ္စတွေ၊ လောင်းကစားဂိမ်းခုံတွေ၊ Club တွေ KTV တွေမှာ K တွေ Happy မူးယစ်ဆေးဝါးအသစ်တွေ ရောင်းနေကြတာတွေ သွားဖမ်းပါလား။ အခုက ဘာမလုပ်တဲ့ ဆရာမကို ဖမ်းတာ မတရားရာ ရောက်တယ်လေ။ ရဲတပ်ဖွဲ့က ပြည်သူတွေရဲ့ အားကိုး ယုံကြည်မှုကို ရချင်ရင် ပြည်သူတွေအတွက် ထိရောက်တဲ့ အလုပ်ကို လုပ်ရမှာပေါ့။ အဲ့လိုဆို   ပြည်သူတွေရဲ့ ယုံကြည်မှု ရလာမှာပဲ။ "ဟု ဒေသခံ မျိုးဇင်က ပြောသည်။

တာချီလိတ်မြို့တွင် နိုင်ငံ့ အာဏာသိမ်းခံရပြီးနောက်ပိုင်း ၂၀၂၁ခုနှစ်ထက် ၂၀၂၂ခုနှစ်၏ နှစ်ဝက်ကနေ ၂၀၂၃ခုနှစ်၏ ဧပြီလနောက်ဆုံးပတ်အထိ ခိုးဆိုးလုယက်မှုများမှာ နေ့စဉ် နေ့ရော ညပါ ဖြစ်ပွားနေသော်လည်း  ရဲတပ်ဖွဲ့က ယင်းကဲ့သို့ကိစ္စရပ်များကို ရှာဖွေအရေးယူခြင်း မပြုလုပ်၍ ဒေသခံများအကြား ဝေဖန်မှုများကို ခံနေရသည်။