ဟိုပုံးတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးနှစ်ဦး၊ ဗိုလ်ကြီး ၃ ဦးအပါ ၁၆ ဦးသေဆုံး 

ဟိုပုံးတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးနှစ်ဦး၊ ဗိုလ်ကြီး ၃ ဦးအပါ ၁၆ ဦးသေဆုံး 
ဖေဖော်ဝါရီ 26, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)တို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့က တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း PNLA ထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် PNLAက နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်း(၁၆)လောင်းကျန်ရှိခဲ့ပြီး ဗိုလ်မှူးအဆင့်ရှိသူ(၂)ဦးနှင့် ဗိုလ်ကြီးအဆင့်ရှိသူ (၃)ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ထံမှ MA လက်နက်ငယ် (၁၅)လက်၊ ဒရုန်းပစ်လက်နက်တစ်လက်၊ ပစ္စတိုတစ်လက်နှင့် လက်နက်ခဲယမ်းကျည်ဆံများကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့တွင် စစ်ကောင်စီသည် ထမ်းဆမ်းရွှေတိဂုံပုံတူ စေတီတော်ကုန်းတော်တွင် လက်နက်ကြီးတပ်စွဲကာ မဲနယ်တောင်ဒေသနှင့် လွယ်ဝိုးတုတ်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် တစ်နေကုန်နီးပါး ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒေသခံများ၏ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဆီဆိုင်မြို့တွင်းကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: PNLA NEWS & INFO