ခြံအမှတ်(၅၄-၅၆)၏ အမိန့်ကြော်ငြာစာကို ဖောက်ဖျက်ကျူးလွန်သူများအား အရေးယူမည်ဟု NUG ထုတ်ပြန်

ခြံအမှတ်(၅၄-၅၆)၏ အမိန့်ကြော်ငြာစာကို ဖောက်ဖျက်ကျူးလွန်သူများအား အရေးယူမည်ဟု NUG ထုတ်ပြန်
စက်တင်ဘာ 29, 2023 | 2021 Military Coup| အခြားဒေသများ

ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့် နေအိမ်၊ ခြံနှင့်ပတ်သက်ပြီး အမိန့်ကြော်ငြာစာကို ဖောက်ဖျက်လုပ်ဆောင်ပါက ဥပဒေများဖြင့် ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း NUG အစိုးရက ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၉)ရက်နေ့တွင် ထုတ်ပြန်လာသည်။

NUG အစိုးရ၏ အမိန့်ကြော်ငြာစာပါ တားမြစ်ချက်များအား ဖောက်ဖျက်ရန် ကြိုးပမ်းမှုများရှိနေသဖြင့် တားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်ပါက ဖောက်ဖျက်ရန် အားထုတ်သူနှင့်အတူ အကြံပြုသူ၊ ခွင့်ပြုသူ၊ အားပေးကူညီသူ၊ ပြင်ဆင်သူစသည့် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်အသီးသီးအား အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

၎င်းတို့အား မြန်မာနိုင်ငံကပါဝင်အတည်ပြုထားပြီးဖြစ်သည့် ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များနှင့်စပ်လျဉ်းသော နိုင်ငံတကာကွန်ဗင်းရှင်းများ၊ အမွေအနှစ်ဆိုင်ရာ တည်ဆဲဥပဒေများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအပါအဝင် ဆက်စပ်ဥပဒေများဖြင့် ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဟု ဆိုသည်။ 

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ အမှတ်(၅၄-၅၆)ခြံအား ကြားကာလအမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားပြီး ထိုအမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အား မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန် ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန်ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်းနှင့် အခြားနည်းအသုံးချခြင်းတို့အား တင်း ကြပ်စွာ တားမြစ်ကြောင်း၊ ထိုတားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်ပါက ဆက်စပ်ဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။ 

အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးနောက် ကျူးလွန်ဖောက်ဖျက်မှုများ မရှိစေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ အမွေအနှစ်ဆိုင်ရာကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ဥပဒေဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပရှိ တာဝန်သိ ပြည်သူများ၊ သတင်းမီဒီယာများ၊ အမွေအနှစ်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက စောင့်ကြပ်ကြည့်ရှု နေခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency