အာဏာသိမ်းစစ်တပ်နှင့် အပစ်ရပ် သဘောတူစာချုပ်(၁၀)နှစ်ပြည့် အဖြစ် ဂုဏ်ပြုကာ RCSS က မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

Photo: RCSS
Photo: RCSS
အာဏာသိမ်းစစ်တပ်နှင့် အပစ်ရပ် သဘောတူစာချုပ်(၁၀)နှစ်ပြည့် အဖြစ် ဂုဏ်ပြုကာ RCSS က မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး
ဒီဇင်ဘာ 2, 2021 | ရှမ်းတောင်

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ( RCSS )က အာဏာသိမ်းစစ်တပ်နှင့် နှစ်ဖက် အပစ်ရပ် သဘောတူစာချုပ် (၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုကာ  ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂)ရက်နေ့တွင် RCSS က ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးလိုက်သည်။

စိတ်ကြွရူးသွပ်ဆေးပြား (၁၁)သိန်းကျော်၊ ဘိန်းညိုမှုန့် (၃၀၄)ကီလိုဂရမ်၊ အက်ဆစ် လီတာ(၄၀၀၀၀)ကျော် နှင့် ဆိုဒါမှုန့် (၃၆၀၀၀)ကီလိုဂရမ်တို့ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ( RCSS )၏ လွယ်တိုင်းလျှဲန်း၊ ဗဟိုဌာနချုပ်၊ အမှတ်(၁) စစ်ဒေသနှင့် တပ်မဟာ (၇၀၇)၏ နယ်မြေတို့တွင် မီးရှို့ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။

အသွင်သစ် နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် RCSS သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)၏ အနှစ်သာရကို ကိုင်စွဲကာ အဖွဲ့အစည်းများအားလုံးနှင့် လက်တွဲပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်အသိပေးထားရှိသည်။

RCSS က အာဏာသိမ်းစစ်တပ်နှင့် အပစ်ရပ်ထားသည်ဟုဆိုသော်လည်း   ရှမ်းတိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် SSPP/SSA တို့ အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေရသည်များလည်း ရှိနေသည်။