မင်းပြားတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် စစ်သင်္ဘောတစ်စီး မီးလောင်ပျက်စီး

မင်းပြားတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် စစ်သင်္ဘောတစ်စီး မီးလောင်ပျက်စီး
ဖေဖော်ဝါရီ 11, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် မင်းပြားမြို့နှင့် မြေပုံမြို့ကြားရှိ ကျားရှည်ပြင်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်၏ စစ်သင်္ဘောတစ်စီး မီးလောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့က ကျားရှည်ပြင်ရွာအနီးသို့ စစ်ကောင်စီတပ်၏ စစ်‌သင်္ဘော(၆)စီး ရောက်ရှိလာပြီး လက်နက်ကြီးနှင့် မင်းပြားမြို့အတွင်းကို ပစ်ခတ်နေရာ ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲဖြစ်ပြီးနောက် သင်္ဘောတစ်စီး မီးလောင်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

"မနေ့ည (၉)နာရီလောက်ဖြစ်မယ် နေဗီက သင်္ဘောတစ်စီး မီးလောင်ပြီး ပေါက်ကွဲသွားတယ်။ မနေ့ညက ပစ်ခတ်ကြတာ။ မင်းပြားမြို့ကို အဲဒီနေဗီကနေ လက်နက်ကြီးနဲ့ပစ်တာ။ အဲဒီ‌ကနေ နေအိမ်တွေကို လှမ်းပစ်တယ်။ မြို့ထဲကို ပစ်တာတွေလုပ်တာ။ လက်နက်ကြီးကျပြီး နေအိမ်တချို့လည်း မီးလောင်သွားတယ်။"ဟု မင်းပြားမြို့မှ ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

မင်းပြားမြို့ရှိ ခမရ (၃၈၀)၊ ခမရ (၃၇၉)နှင့် ခမရ (၅၄၁)တပ်ရင်းများကို ရက္ခိုင့်တပ်တော်က ပြီးခဲ့သည့်ရက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်၍ မြို့ကိုထိန်းချုပ်ထားသော်လည်း စစ်ကောင်စီတပ်များ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ နေရပ်သို့ မပြန်နိုင်သေးဟု ဆိုသည်။

"သင်္ဘောမီးလောင်သွားတာဟုတ်တယ်။ မနက်ပိုင်းအထိတော့ ပစ်ခတ်တာတွေရှိတယ်။ နေ့လယ်ပိုင်းတော့ အသံမကြားရတော့ဘူး။ စစ်ကောင်စီတပ်သားတွေကို AAဘက်က ကမ်းပေါ်တက်ခွင့်မရအောင် တိုက်နေတာ။ သင်္ဘောပေါ်ကနေပဲ ပစ်နေတာ။ အပေါ်တက်လို့မရဘူး။"ဟု မင်းပြားမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

ရက္ခိုင့်တပ်တော်၏ ယမန်နေ့ ညပိုင်းကထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် ရက္ခိုင့်တပ်တော်မှ အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်သော မင်းပြားမြို့အား ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် စစ်ကောင်စီသည် ရေကြောင်း၊ လေကြောင်းမှ လက်နက်ကြီးများဖြင့် တစ်ရက်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ်၌ အခြေစိုက်ထားသည့် စစ်ကောင်စီ၏ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၇)ရက်နေ့နှင့် (၈)ရက်နေ့တို့တွင် စစ်ကောင်စီတပ်၏ စစ်သင်္ဘော(၃)စီးအား နစ်မြှုပ်အောင် ရက္ခိုင့်တပ်တော်က တိုက်ခိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ ရေတပ်ကို ရက္ခိုင့်တပ်တော်မှ တန်ပြန်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ မြစ်အတွင်းမှ တိုက်ခိုက်ရေးစစ်သင်္ဘော (၃)စင်းကို နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့ကာ အခြား စစ်သင်္ဘောတစ်စီးကိုလည်း ထိခိုက်ပျက်စီးအောင် တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သည်ဟု သိရသည်။

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော (၇)စီးဝန်းကျင်ကို သွားလာ၍မရနိုင်အောင်နှင့် မြစ်အတွင်း ရေချ၍ မရနိုင်အောင် ပြုလုပ်နိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်သည်။

#TachileikNewsAgency