ကချင်ပြည်နယ်တိုက်ပွဲအတွင်း AA က KIA နှင့် ပူးပေါင်းထိုးစစ် အပြင် သီးခြား ထိုးစစ်များလည်း ဖော်ဆောင်

ကချင်ပြည်နယ်တိုက်ပွဲအတွင်း AA က KIA နှင့် ပူးပေါင်းထိုးစစ် အပြင် သီးခြား ထိုးစစ်များလည်း ဖော်ဆောင်

ကချင်ပြည်နယ်တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်(AA) အနေဖြင့် KIA နှင့် ပေါင်းပြီး တိုက်ခိုက်နေသည့်အပြင် သီးခြား ထိုးစစ်ဆင် တိုက်ခိုက်မှုကိုပါ  လုပ်ဆောင်နေလျှက်ရှိကြောင်း  AA က  ၂၀၂၄ ခုနှစ် မတ်လ(၈)ရက် နေ့တွင် သတင်းထုတ်ပြန်လာသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)သည် ၎င်း၏ ဌာနချုပ်ရှိရာ ကချင်ပြည်၊ လိုင်ဇာမြို့အနီး နှင့် မြစ်ကြီးနား - ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် ခါရာဘွမ်၊ အင်တပ်ဘွမ်၊ ဖုန်ပျံဘွမ်၊ ဘွမ်ရယ်ဘွမ်၊ ပွိင့် (၉၃၆) ကုန်း၊ ခမ်းကိုင်ဘွမ်၊ ပွိင့်(၂၅၉) လေ ယာဉ်ကွင်းစခန်းအပါအဝင် အခြားသောစခန်းအချိုတိုကို မတ်လ (၇)ရက်နေ့ နံနက်ပိုင်းကစတင်၍ တစ်ပြိုင်နက်တည်း တိုက်ခိုက် နေခြင်းဖြစ်သည်။ 

အဆိုပါထိုးစစ်များတွင် မဟာမိတ် KIA နှင့် ပူးတွဲစစ်ရေးလှုပ်ရှားနေသည့်အပြင် သီးခြားတာဝန်ယူပြီး ထိုးစစ်များကိုလည်း ရက္ခိုင့်တပ်တော်က ဆင်နွှဲနေသည်ဟု ဆိုသည်။

မိုးမောက်မြို့နယ်အနီးရှိ စစ်ကောင်စီ၏ တပ်မ(၈၈) လက်အောက် ခံ ခလရ (၁၀၃)တပ်ရင်း၊ ပွိင့် (၂၅၉) လေယာဉ်ကွင်းစခန်းကုန်းနှင့်  ဒေါ့ဖုန်းယန်မြိုနယ်အနီးရှိ ပွိင့် (၆၁၁) (Ntap Bum) စခန်းကုန်းအား ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည် ဟု သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးများအပြင် လေကြောင်းမှပါ တစ်ရက်လုံးပစ်ကူခဲ့ပြီး KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ပြည်သူ့ဆေးရုံအနီးသို့ လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့ သည့်အပြင် လိုင်ဇာမြိုနှင့် ထိစပ်နေသည့် တရုတ်နယ်စပ်မြိုဘက်ကိုလည်း လက်နက်ကြီးအချို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။