NUG က စစ်ကိုင်းတိုင်းအတွင်း မြို့နယ်ပေါင်း (၁၅)မြို့နယ်တွင် မြို့နယ်တရားရုံးများ စတင် ဖွင့်လှစ်

NUG က စစ်ကိုင်းတိုင်းအတွင်း မြို့နယ်ပေါင်း (၁၅)မြို့နယ်တွင် မြို့နယ်တရားရုံးများ စတင် ဖွင့်လှစ်
အောက်တိုဘာ 16, 2022 | 2021 Military Coup| အခြားဒေသများ

 အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ မြို့နယ်တရားရုံးတစ်ခုကို အောက်တိုဘာလ (၁၅)ရက်နေ့က စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ပြည်သူလူထု၏ လုံခြုံရေးနှင့် တရားမျှတမှုရရှိရေးအတွက် တရား စီရင်ရေးလုပ်ငန်းများ မလွဲမသွေ လုပ်ဆောင်ရမည်ဟုလည်း NUG ၏ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ပြောကြားထားသည်။

အမှုများကို တိုင်ကြားရာတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို တိုက်ရိုက်တိုင်ကြားနိုင်ကာ ပ.က.ဖ လက်အောက်ရှိ ရဲတပ်ဖွဲ့များက စုံစမ်းစစ်ဆေးခြင်းများ လုပ်ဆောင်ခြင်းနှင့် တရားရုံးသို့ တိုက်ရိုက် တိုင်ကြားနိုင်ခြင်း နှစ်မျိုးဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

"ပြည်သူလူထု အချင်းချင်း ကြားထဲမှာ၊ တော်လှန်ရေးသမား အချင်းချင်းကြားထဲမှာ ဖြစ်ပွားတဲ့ ကိစ္စတွေမှာဆိုရင်လည်း တစ်ဦးနဲ့တစ်ဦး အတတ်နိုင်ဆုံး နားလည်မှု ရရှိအောင် အတတ်နိုင်ဆုံး ညှိနှိုင်း ဆောင်ရွက်နိုင်အောင်အတွက် ကျွန်တော်တို့ ဒီတရားရုံးတွေကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။"ဟု NUG ၏ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက မီဒီယာများကို ဖြေကြားထားသည်။

ယင်းအပြင် အချို့နေရာများတွင် အချုပ် နှင့် ထောင်များကိုပါ တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များထဲက မြို့နယ်ပေါင်း (၁၅)မြိုန့ယ်တွင် NUG ၏ ကြားကာလ တရားစီရင်ရေး စတင်ပြီဖြစ်ကြောင်း မေလ (၁၉)ရက်နေ့က ယာယီသမ္မတ ဒူဝါလရှီးလမှ  ကြေညာခဲ့သည်။

၎င်းမြို့နယ်များမှာ တမူး၊ ယင်းမာပင်၊ ကသာ၊ ကောလင်း၊ ကန့်ဘလူ၊ ဗန်းမောက်၊ ကျွန်းလှ၊ အင်းတော်၊ ထီးချိုင့်၊ ကနီ၊ ဝက်လက်၊ အရာတော်၊ မြင်းမူ၊ တန့်ဆည်၊ ခင်ဦး စသည့်မြို့နယ်များ ဖြစ်သည်။

#TachileiknewsAgency

Photo: ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့