ထုံခါ - မောတောင်လမ်းပိုင်းတွင် ခရီးသည်တင်ယာဉ်ကို မှားယွင်းပစ်ခတ်မိကြောင်း PDF - Myeik District တောင်းပန်

ထုံခါ - မောတောင်လမ်းပိုင်းတွင် ခရီးသည်တင်ယာဉ်ကို မှားယွင်းပစ်ခတ်မိကြောင်း PDF - Myeik District တောင်းပန်
By Tachileik News Agency

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင်း ပြည်သူ့ကာကွယ်ရေးတပ်များက အများပြည်သူ ခရီးသွားလာခြင်းအား ယာယီပိတ်ထားသည့် ထုံခါ-မောတောင်လမ်းတွင် ၂၀၂၃ ခုနှစ် ဧပြီလ (၁)ရက်နေ့က ခရီးသည်တင်ယာဉ်တစ်စီးကို မှားယွင်းပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရမှုများအတွက် အနူးအညွတ်တောင်းပန်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မြိတ်ခရိုင်)က ဧပြီလ (၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။



ထုံခါ - မောတောင်လမ်းပိုင်း လယ်တောင်ယာရွာနှင့် တမုတ်ချုံးရွာကြားတွင် ရန်သူများဖြတ်သန်းမည်သတင်းအရ ဧပြီလ (၁)ရက်နေ့က စောင့်ဆိုင်းနေကြစဉ် ည (၈)နာရီဝန်းကျင်၌ ဖြတ်သန်းလာသည့် မြတ်မန္တလာခရီးသည်တင်ယာဉ်အား ရပ်နားရန် ပစ်ခတ်သတိပေးရာ မရပ်ဘဲ ဆက်မောင်းသွားသဖြင့် ရန်သူများက အသွင်ယူသွားလာခြင်းဖြစ်မည်ဟု ယူဆကာ မှားယွင်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။



အဆိုပါ ပစ်ခတ်မှုကြောင့် သေဆုံးသွားရသည့် ခရီးသည် (၂)ဦးနှင့် ဒဏ်ရာရခရီးသည် (၅)ဦးအတွက် ထပ်တူဝမ်းနည်းရကြောင်းနှင့် အနူးအညွတ်တောင်းပန်ကြောင်း ထုတ်ပြန်ထားပြီး ခရီးသည်များအနေဖြင့် တော်လှန်ရေးအင်အားစုများ၏ သတိပေးချက်များအပေါ် အလေးထားလိုက်နာဆောင်ရွက်ပေးကြပါဟုလည်း ထပ်မံအသိပေးထားသည်ကို တွေ့ရသည်။



မြိတ်-တနင်္သာရီ-မောတောင်လမ်းရှိ ထုံခါ - မောတောင်လမ်းပိုင်းတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေရာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်၍ အဆိုပါလမ်းပိုင်းအား အသုံးပြုနိုင်ကြောင်း မကြေညာမီအချိန်ထိ ယာယီပိတ်ထားမည်ဟု People Defense Force Myeik Disrict Battalion 2 က ကြေညာထားသည်ဟု တွေ့ရသည်။



မြိတ် - မောတောင်လမ်းတွင် ၂၀၂၃ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့ နှင့် (၂၉)ရက်တို့တွင်လည်း စစ်ကောင်စီ၏ ခလရ ၄၃၁၊ ၁၀၁၊ ၁၇၊ ၅၅၈ တပ်တို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတို့ ချောင်းနှစ်ပေါက်ကျေးရွာ၊ မြစ်ကူးတံတားအနီးတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။