ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနှင့်ပစ်ခတ်သဖြင့် နေအိမ်များပျက်စီးပြီး အရပ်သားတစ်ဦးဒဏ်ရာရ  

ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနှင့်ပစ်ခတ်သဖြင့် နေအိမ်များပျက်စီးပြီး အရပ်သားတစ်ဦးဒဏ်ရာရ  
အောက်တိုဘာ 6, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းရှိ ကျေးရွာတစ်ရွာအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၄)ရက်နေ့နှင့် (၅)ရက်နေ့တို့တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ နေအိမ်များ ပျက်စီးခဲ့ကြောင်း KNDFဗဟိုထံမှ သိရသည်။

 

ကျေးရွာတစ်ရွာအား စစ်ကောင်စီတပ်၏ အမှတ်(၁၄)တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းမှ အောက်တိုဘာလ (၄)ရက်နေ့ ည(၁၁)နာရီတွင် တာဝေးပစ်(၁၂၀)မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ရွာအတွင်း(၅)လုံးကျရောက်ပြီး နေအိမ်(၂)လုံး ပျက်စီးခဲ့ကြောင်း သိရသည်။



 

ထို့အပြင် အောက်တိုဘာလ (၅)ရက်နေ့ ညနေ(၅)နာရီတွင်လည်း အဆိုပါ စစ်ကောင်စီတပ်မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ အသက် (၅၀)ဝန်းကျင်အရွယ် ဒေသခံအမျိုးသမီးတစ်ဦး၏ ဦးခေါင်းနှင့် ကျောကုန်းတို့တွင် ဒဏ်ရာများရရှိခဲ့သည့်အပြင် နွားတစ်ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် ယင်းနေ့ ည(၁၀)နာရီကျော်တွင် ကျေးရွာဘက်သို့ လက်နက်ကြီး (၁၀)လုံးခန့် ထပ်မံပစ်ခတ်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo :KNDF