ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ ရမ်းကားပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၍ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရ

Photo: ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့
Photo: ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့
ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ ရမ်းကားပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၍ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်အတွင်း ကျေးရွာများတွင် အာဏာသိမ်း စစ်ကောင်စီတပ်က အကြမ်းဖက် ဝင်ရောက် ပစ်ခတ်စီးနင်းမှုများပြုလုပ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းကြောင်း ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ အမှတ် (၃၆၁)နှင့် (၃၆၈) ခြေမြန်တပ်ရင်းတို့သည် ၂၀၂၃ခုနှစ် မေလ(၁၁)ရက်နေ့၏ နံနက်ပိုင်းက ထန်းကုန်းတိုက်နယ်အတွင်း သရက်ခေါင်း နှင့် ဖလံချိုင်ကျေးရွာတို့ရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြခြင်းဖြစ်ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 



အဆိုပါ စစ်ကောင်စီတပ်များသည် မေလ(၁၀)ရက်နေ့၏ နံနက်တွင် ကာဘိုးတိုက်နယ်၊ သိုးဘိုးရွာအား မီးရှို့ပြီးထွက်လာပြီးနောက်  ထန်းကုန်းတိုက်နယ်၊ သရက်ခေါင်းရွာ၌ တညအိပ်တပ်စွဲထားပြီး မေလ(၁၁)ရက်နေ့၏ နံနက်(၆)နာရီအချိန်တွင်   ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းစစ်ကြောင်းသည် ဧပြီ(၂၉)ရက်နေ့ကလည်း သရက်ခေါင်းရွာအား ပထမအကြိမ် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့၍ စာသင်ဆောင် တစ်ဆောင် မီးလောင်ပျက်စီးခဲ့ရသလို မေလ(၁၁)ရက်နေ့၏ မီးရှို့မှုကြောင့်လည်း နေအိမ်(၅)လုံး နှင့် စာသင်ကျောင်းဆောင် (၂)ဆောင်လည်း မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ 

စစ်ကောင်စီတပ်၏ ခမရ ၃၆၈ သည် သရက်ခေါင်းရွာအား မီးရှို့ဖျက်ဆီးပြီးနောက်  ဖလံချိုင်ရွာဘက်သို့ ဦးတည်ကာ စစ်ကြောင်းထွက်ခွါသွားပြီး နံနက်(၈)နာရီကျော်အချိန်တွင် ဖလံချိုင်ရွာအား အကြမ်းဖက် ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးကြောင်း မြေပြင်သတင်းပေးပို့ချက်များအရ သိရသည်။

ဧပြီလကုန်မှစ၍ မေလ(၁၂)ရက်နေ့အထိ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ ဇီးကုန်းတိုက်နယ်နှင့် ကာဘိုးတိုက်နယ်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်မှ စစ်ကြောင်းနှစ်ကြောင်းဖြင့်  မနားတမ်း လှည့်ပတ်ကာ စစ်ထိုးနေခြင်းကြောင့် ကျေးရွာ (၂၀)ဝန်းကျင်မှ ပြည်သူ  နှစ်သောင်းခန့်စ စ်ဘေးရှောင်နေရပြီး အခြေခံစားသောက်ကုန်၊ အမိုးအကာနှင့် ဆေးဝါးများ လိုအပ်လျက်ရှိသည်ဟု သိရသည်။