PDF တပ်က သိမ်းထားသည့် ခါချဉ်တောင်တပ်စခန်းကို စစ်ကောင်စီတပ်များ ထိုးစစ်ဆင်တိုက်ခိုက် 

PDF တပ်က သိမ်းထားသည့် ခါချဉ်တောင်တပ်စခန်းကို စစ်ကောင်စီတပ်များ ထိုးစစ်ဆင်တိုက်ခိုက် 
စက်တင်ဘာ 17, 2023 | 2021 Military Coup| အခြားဒေသများ

ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်ထားသည့် ပဲခူးတိုင်း မင်းလှမြို့နယ်ရှိ ခါချဉ်တောင်တပ်စခန်းကို ပြန်လည်ရရှိရန် ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၁၄)ရက်နေ့ကစတင်ကာ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ခါချဉ်တောင်အနီးဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၉)ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင်တပ်ရင်း(၃၀၈၂) တပ်ခွဲ(၅)က တိုက်ခိုက်သိမ်းပိုက်ထားသည့် ခါချဉ်တောင်တပ်စခန်းကို ပြန်လည်သိမ်းယူရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် PDFတပ်တို့အကြား စက်တင်ဘာလ (၁၄)ရက်နေ့မှ (၁၆)ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလ (၁၄)ရက်နေ့က အင်အား(၃၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို သာယာဝတီခရိုင် တပ်ရင်း(၃၀၈၂)တပ်ခွဲ(၅)က တိုက်ခိုက်ခဲ့ရာ ပြန်လည်တပ်ဆုတ်သွားပြီးနောက် စက်တင်ဘာလ (၁၅)ရက်နေ့တွင် ခါချဉ်တောင်ပေါ်သို့ ဗိုလ်ရုံဘက်မှ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် ထပ်မံတိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်များ တပ်ဆုတ်သွားခဲ့သည်ဟု သာယာဝတီခရိုင် တပ်ရင်း (၃၀၈၂) တပ်ခွဲ (၅)က ဆိုသည်။

ထို့နောက် စက်တင်ဘာလ (၁၆)ရက်နေ့တွင် အင်အား(၆၀)ဝန်းကျင်ဖြင့် ထပ်မံစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့မှ ကား(၂)စီးကို သာယာဝတီခရိုင်တပ်ရင်း(၃၀၈၂) တပ်ခွဲ(၅)က စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များဘက်က (၈၀)မမ၊ စက်သေနတ်များဖြင့် ပြန်လည်ပစ်ခတ်၍ ခါချဉ်တောင်ပေါ်သို့ တက်သွားသည်ဟု ထုတ်ပြန်ထားသည်။

ခါချဉ်တောင်ပေါ်သို့ တက်လာသည့် စစ်ကောင်စီကား(၂)စီးမှ ရှေ့ဆုံးကားအား PDFတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိပြီး ကားလည်းပျက်စီး၍ ရပ်တန့်သွားခဲ့သဖြင့် ကားပေါ်ပါ လက်နက်ခဲယမ်းများအား သိမ်းယူရန်သွားစဉ် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများနှင့် ပစ်ခတ်နေခြင်း၊ စစ်ကူများရောက်လာခြင်းနှင့် ခဲယမ်းလိုအပ်ချက်များကြောင့် ပြန်လည်ဆုတ်ခွါခဲ့ရသည်ဟု သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency