တနင်္သာရီမြို့နယ် ပြည်ထောင်စုလမ်းမကြီးတွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်နှင့် ခြေလျင်စစ်ကြောင်းတို့ကို မိုင်းခွဲတိုက်ခိုက်

တနင်္သာရီမြို့နယ် ပြည်ထောင်စုလမ်းမကြီးတွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်နှင့် ခြေလျင်စစ်ကြောင်းတို့ကို မိုင်းခွဲတိုက်ခိုက်
စက်တင်ဘာ 7, 2023 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးတွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်နှင့် ခြေလျင်စစ်ကြောင်းတို့ကို ၂၀၂၃ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်များက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ အမှတ် (၃၀၆)အမြှောက်တပ်ရင်းနှင့် အမှတ် (၅၅၇)တပ်ရင်းအကြား ကော့မပျဉ်း ကျေးရွာအနီးတွင် အမှတ်(၃၀၆) အမြှောက်တပ်ရင်းမှ တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီတပ်၏ Vigo ကားတစ်စီးအား ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပျက်စီးသွားခဲ့ကြောင်း တနင်္သရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)က ယနေ့ စက်တင်ဘာလ (၇)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။   

ကားမိုင်းဆွဲခံရသည့်နေရာအား ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို နှစ်ကြိမ် ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့သည်ဟု ဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အရိပ်ပြောက်ကျားအဖွဲ့၊ တောကြီးမြွေဟောက်အဖွဲ့(ပုလော ပကဖ)၊ တနင်္သာရီ ကာကွယ်ရေး ပြောက်ကျားအဖွဲ့(တနင်္သာရီ ပကဖ)၊ တနင်္သာရီရိုးမအဖွဲ့(တနင်္သာရီ ပကဖ)၊ တောဗုံးကြီး အဖွဲ့ (တနင်္သာရီ ပကဖ)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်း တနင်္သာရီမြို့တွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် ခရီးသွားပြည်သူများကို စစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း(၂)၏ တပ်ခွဲ(၂)နှင့် တနင်္သာရီ ပကဖ တို့က ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ခရီးသွားပြည်သူများ သွားလာသည့်အချိန်တိုင်း စစ်ရေးသတိရှိကြရန်၊ တနင်္သာရီမြို့ပေါရှိ စရဖရုံး၊ စစ်ကောင်စီ၏ ဂိတ်များနှင့် ထွေအုပ်ရုံးများ၏ အနီးတွင် သွားလာနေထိုင်ခြင်းမပြုကြရန် သတိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency