၁၀၂၇ စစ်ဆင်ရေးတွင် BPLA ပါဝင်နေပြီး အဖိုးမဖြတ်နိုင်သည့် စစ်ရေးအတွေ့အကြုံရဟုဆို 

၁၀၂၇ စစ်ဆင်ရေးတွင် BPLA ပါဝင်နေပြီး အဖိုးမဖြတ်နိုင်သည့် စစ်ရေးအတွေ့အကြုံရဟုဆို 
အောက်တိုဘာ 27, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့တွင် တိုက်ခိုက်နေသည့် ၁၀၂၇ စစ်ဆင်ရေး(1027 Operation)အတွင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်(BPLA)လည်း ပါဝင်ပူးပေါင်းတိုက်ခိုက်နေကြောင်း BPLA ထံမှ သိရသည်။ 

ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA)သည် အဆိုပါစစ်ဆင်ရေးတွင် စစ်ကြောင်းနှစ်ကြောင်းပါဝင်နေပြီး မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့နှင့်လည်း မဟာမိတ်ဖွဲ့စည်းထားသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။

“ကျွန်တော်တို့ BPLAက အဲ့ဘက်မှာ အခြေစိုက်ထားတဲ့ စစ်ဒေသတခုရှိတယ်။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်နိုင်ဖို့ ဒီစစ်ဆင်ရေးလှုပ်ရှားမှုက အခွင့်အရေးတခုပဲ။ ဒါကြောင့်ပါဝင်တိုက်ပွဲဝင်ဖြစ်ပါတယ်ခင်ဗျ။”ဟု BPLAမှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုလင်းလင်းက Tachileik News Agencyကိုပြောသည်။

ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနှင့် လားရှိုးမြို့တို့ရှိ  စစ်ရေးအဓိကကျသော နေရာအများအပြားကို မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့နှင့်အတူ BPLAတပ်များကလည်း ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

“ကျွန်တော်တို့တပ်ရဲ့မူကတော့ ဘယ်နေရာမှာပဲ တိုက်ပွဲဖော်ဆောင်ရပါစေ ဘုံရန်သူက တူတယ်ဆိုရင် ကျွန်တော်တို့ကတိုက်မှာပဲ။ နောက်တခုက ညီနောင်မဟာမိတ် ၃ ဖွဲ့ဆိုတာကလည်း ကျွန်တော်တို့တပ်ကို အစကနေအခုထိ ကူညီပံ့ပိုးနေတာဖြစ်ပြီး အခုတိုက်ပွဲတွေမှာပါ ပါဝင်ခွင့်ပေးထားတာပါ။ ကျွန်တော်တို့အနေနဲ့ကလည်း မဟာမိတ်တွေရဲ့ ဦးဆောင်မှုအောက်ကနေ တိုက်ပွဲဝင်ရတာဖြစ်တော့ အဖိုးမဖြတ်နိုင်တဲ့ စစ်ရေးအတွေ့အကြုံတွေရပြီး ကိုယ့်ဒေသမှာ ပြန်တိုက်ဖို့အချိန်ကျရင် ပြန်အသုံးချလို့ရပါတယ်။”ဟု ၎င်းကဆက်ပြောသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်(BPLA)ကို  စစ်တပ်အာဏာသိမ်းပြီးနောက်၂၀၂၁ ခုနှစ် ဧပြီလ (၁၇)ရက်နေ့တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ညီနောင်မဟာမိတ်(၃)ဖွဲ့ကမူ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အထူးဒေသ(၁)အတွင်းရှိ Online Game (ကျဖျင့်) ကုမ္ပဏီ များ၊ ကိုးကန့်ရုပ်သေးအဖွဲ့ များနှင့် စစ်ကောင်စီတပ်ဖွဲများကို အမြစ်ပြတ် တိုက်ဖျက်ချေမှုန်းနိုင်ရေး၊ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်နိုင်ရေး၊ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေး၊ မိမိတို့ ဒေသကို မိမိတို့ ယခုထက် ပိုမိုထိန်းချုပ်နိုင်ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် မိမိတို့အဖွဲ့အစည်းများအပေါ်  စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေမှုများအပေါ် ဟန့်တားမှုရရှိနိုင်ရေး၊ မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတို့အတွက် ၁၀၂၇ စစ်ဆင်ရေးကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

#TachileikNewsAgency