ပေါက်မြို့နယ်တွင် အရပ်သားများအား ဖမ်းဆီးသတ်ဖြတ်နေသည့် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်နေ

ပေါက်မြို့နယ်တွင် အရပ်သားများအား ဖမ်းဆီးသတ်ဖြတ်နေသည့် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်နေ
နိုဝင်ဘာ 2, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ထံမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း Earthquake People Defence Force(Pakokku)ထံမှ သိရသည်။

ယနေ့ နံနက်ပိုင်းက ဖလံကိုင်းကျေးရွာမှ သစ်ကြီးတော၊ ထန်းပေါက်ကုန်း၊ ဂွေးကြီးယို၊ ကံသာကုန်း ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့အား ဒေသကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အထိနာသည့် စစ်ကောင်စီတပ်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ Mi -35 လေယာဉ်ဖြင့် လာရောက်ခဲ့သော်လည်း ရာသီဥတုအခြေအနေအရ ပြန်လှည့်သွားရသည်ဟု ဆိုသည်။

၎င်းစစ်ကြောင်းမှ ထွက်ပြေးလာသည့် တပ်သား ခင်မောင်ထွေးအား ဒေသကာကွယ်ရေးတပ်များက ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ရာတွင် တပ်မ(၁၀၁)လက်အောက်ခံ တပ်ရင်း (၂၅၁)၊ တပ်ရင်း(၇၀၄)တို့မှ အင်အား(၂၅၀)ဝန်းကျင်နှင့် ပျူစောထီး(၆၂)ဦးတို့က အရပ်သား (၃၀)ကျော်အား ဖမ်းဆီးထားသည်ဟု ဆိုသည်။

ဖမ်းဆီးခံထားရသည့် အရပ်သား(၃၀)ကျော်မှ (၁၁)ဦးအား ပခုက္ကူမှ ထွက်လာစဉ်အချိန်မှစ၍ သတ်ဖြတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဒေသကာကွယ်ရေးတပ်များသည်  ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံသည့်အနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာလ (၃၀)ရက်နေ့က

ပေါက်မြို့နယ် ကန်သစ်ကျေးရွာသို့ ရောက်ရှိနေသော အဆိုပါ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ (၃၁)ရက်နေ့တွင် အဆိုပါစစ်ကောင်စီတပ်များ အခြေပြုနေထိုင်သော ဖလန်ကိုင်းရေနံမြေ ရဲစခန်းကို Rocket (၁၁)လုံး၊ အီနာဂါ ဗုံးသီး (၁၄၀)ကျော်တို့ဖြင့် တိုက်ခိုက်ခဲ့သည့်အပြင် နိုဝင်ဘာလ (၁)ရက်နေ့တွင် တိုက်ပွဲထပ်ဖြစ်ခဲ့သည်ဟု သိရသည်။ 

တိုက်ခိုက်မှုကို မြိုင် ပကဖ၊ ပေါက် ပကဖ၊ Earthquake People Defence Force(Pakokku)၊ တောင်ညိုနဂါး ၊ ပေါက် ဗိုလ်တစ္ဆေ အဖွဲ့၊ ပေါက် ဗိုလ်နားပေါက် အဖွဲ့၊ မြိုင် နဂါးနီ၊ မြိုင် ပအဖ၊ မြိုင် ပလဖ၊ မြိုင် ကျေးရွာကာကွယ်ရေးအဖွဲ့၊ ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့များ၊ ပခုက္ကူ မြို့ပြပြောက်ကျားတပ်ဖွဲ့ နှင့် တခြားပူးပေါင်းကာကွယ်‌ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency