CDM ဝန်ထမ်းများ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ပြုလုပ်ခွင့် ပိတ်ပင်ခံရ

CDM ဝန်ထမ်းများ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ပြုလုပ်ခွင့် ပိတ်ပင်ခံရ
ဧပြီ 21, 2024 | ရှမ်းရှေ့

 Unique Identification Number - UID စနစ်ကို စတင်လိုက်သည့် စစ်ကောင်စီက CDM ဝန်ထမ်းများကို ထိုင်းနိုင်ငံသို့ သွားရောက်ခွင့် ပိတ်ပင်လိုက်သည့် အနေဖြင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) များ ပြုလုပ်ခွင့် မပေးတော့ကြောင်း သိရသည်။

"ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP)သွားလုပ်တာ CDM ဝန်ထမ်းဖြစ်ကြောင်း  သင်္ကေတ ပေါ်လို့ လုပ်ပေးလို့ မရဘူးလို့ ပြောတယ်။ အခုကတော့ သတိပေးတဲ့ အနေနဲ့ ပြန်လွတ်လိုက်ပေမဲ့ နောက်ပိုင်းဆိုရင် ဖမ်းဆီးအရေးယူတဲ့အထိ လုပ်ရင် လုပ်နိုင်တယ်လို့ ပြောလိုက်တယ်။ UID ကတ်နဲ့မှ လုပ်ပေးတာဆိုတော့ သွားလုပ်ပြန်တော့လည်း သူတို့ရဲ့ စနစ်ထဲမှာ CDM  သင်္ကေတပေါ်လို့ မရတော့ဘူး"ဟု တာချီလိတ်မြို့မှ CDM ဝန်ထမ်းတစ်ဦးက Tachileik News Agency သို့ ပြောသည်။

 စမတ်ကတ်ဟု အလွယ်ခေါ်ကြသည့် Unique Identification Number - UID စနစ် မစတင်မီ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားကနေ CDM ဝန်ထမ်းများမှာ အားလုံးနှင့် တန်းတူ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ပြုလုပ်၍ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ သွားလာမှုများ ရရှိခဲ့သော်လည်း UID စနစ် စတင်လိုက်ပြီး ၂၀၂၄ခုနှစ် ဧပြီလ(၄)ရက်နေ့က စ၍ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ပြုလုပ်ခွင့်မရတော့၍ သွားလာခွင့်မရတော့ခြင်း ဖြစ်ကြောင်း သိရသည်။

CDM ဝန်ထမ်းများကို ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ပြုလုပ်ခွင့် ပိတ်ပင်ထားခြင်းမှာ တာချီလိတ် - မယ်ဆိုင် နယ်စပ် ဝင်ပေါက် ထွက်ပေါက် တစ်ခုတည်းတင် မဟုတ်ဘဲ မြန်မာနှင့်နီးစပ်သည့် အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ် ဝင်ပေါက် ထွက်ပေါက်တို့တွင်ပါ သတ်မှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက ၂၀၂၄ခုနှစ် မေလ(၁)ရက်နေ့က စပြီး ခရီးသွားလာခြင်းနှင့် ပတ်စပိုစ့် နှင့် နယ်စပ်ဖြတ်သန်းလက်မှတ်များပြုလုပ်ရာတွင် UID မဖြစ်မနေ ရှိထားရမည်ဟုလည်း အသိပေးကြေညာထားရှိသည်။

" နယ်စပ်ဖြတ်သန်းကူးလက်မှတ် လုပ်တာတွေ၊ နိုင်ငံကူးလက်မှတ်(ပတ်စပိုစ့်) လုပ်တာတွေအပြင်  ခရီးသွားလာတာတို့ဆိုရင်  မေလ(၁)ရက်နေ့က စပြီး မဖြစ်မနေ အဲ့ဒါ ပါမှ ရတော့မှာ၊ အဲ့ဒါမရှိရင် မရဘူး။ နယ်စပ်ဖြတ်သန်းလက်မှတ်တွေနဲ့ ပတ်သက်ရင်လည်း ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) လုပ်တာအပြင် တစ်နှစ်စာ စာအုပ်ဖြစ်တဲ့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ( Border Pass - BP ) သက်တမ်းတိုးတာဖြစ်စေ အသစ်လျှောက်ထားတာဖြစ်စေ UID ကတ်ပါမှ ရတော့မှာပါ။ အထက်က ညွှန်ကြားထားတဲ့အတိုင်း ကျွန်တော်တို့လည်း လိုက်လုပ်ရတာမို့ပါ"ဟု အမည်မဖော်လိုသည့် လဝက အရာရှိတစ်ဦးက ဧပြီလ(၂၀)ရက်နေ့တွင် ပြောသည်။



 စမတ်ကတ်ဟု အလွယ်ခေါ်ကြသည့် UID နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း တရားဝင်မှီတင်းနေထိုင်နေသူ အားလုံး၏ ကိုယ်ရေးအချက်အလက်များအား အစိုးရ၏ Database ထဲတွင် ထည့်သိမ်းထားကာ လိုအပ်လျှင် ပြန်ရှာနိုင်ရန် သီးသန့်နံပါတ် သိုမဟုတ် Unique Identification နံပါတ် ထုတ်ပေးခြင်းဖြစ်ပြီး ကတ်တွင်ပါရှိသည့် နံပါတ်ကို ဖြစ်စေ၊ QR Barcode ကိုဖြစ်စေ အသုံးပြုပြီး အချက်အလက်များကို စစ်ဆေး သိရှိနိုင်ကြောင်း သိရသည်။