ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများရ

ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများရ
သြဂုတ် 19, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့မှ ဖရူဆိုဖက်သို့ ဦးတည်ပြီး ပြည်ထောင်စုလမ်းမကြီးအတိုင်း ၂၀၂၃ခုနှစ် သြဂုတ်လ (၂)ရက်နေ့မှစ၍ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ဩဂုတ်လ (၁၄)ရက်နေ့အထိ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNDFဗဟိုထံမှ သိရသည်။

ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးဝင်လာသည့် တပ်မ(၅၅) လက်အောက်ခံ တပ်များဖြစ်သည့် ခမရ (၁၁၂)၊ ခလရ (၃) တပ်များအား ကရင်နီတပ်မတော်(KA)၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ အလယ်ပိုင်းတိုင်း -ကရင်နီ(ကယား) စစ်ဒေသခွဲတပ်ရင်းများ ပူးပေါင်းစစ်ကြောင်း၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(DMO Local PDF) ကရင်နီဝံပုလွေစစ်ကြောင်း နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တို့ပူးပေါင်း၍ နှစ်ပတ်တာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည့် ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် ထိတွေ့တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားခဲ့ပြီး သြဂုတ်လ (၁၀)ရက်နေ့မှ (၁၂)နေ့အတွင်း ငွေတောင်ရွာသစ်နှင့် ထီးသော်ကူးရွာတို့တွင် တိုက်ပွဲများအထူးပြင်းထန်ခဲ့ကာ တပ်မ(၅၅) လက်အောက်ခံတပ်များဖြစ်သည့် ခမရ(၁၁၂)မှ တပ်ဖွဲ့ဝင်(၄၅)ဦးနီးပါး ထိခိုက်သေဆုံးသည်ဟု ဆိုသည်။

ထို့အပြင် ခလရ(၃)မှ တပ်ရင်းမှူး နှင့် ဒုရင်းမှူး အပါအဝင် (၂၆)ဦးခန့် ထိခိုက်သေဆုံးခဲ့ကာ လက်နက်ငယ်အစုံ(၁၅)လက်၊ လက်နက်ကြီး(၁)လက် အပါအဝင် ဆက်စပ်ခဲယမ်းမီးကျောက်များ၊ ကျည်ဆံများနှင့် အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်သောကြောင့် အချိန်မရွေး ထိတွေ့မှုဖြစ်နိုင်၍ ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ကြရန်လည်း တိုက်တွန်းထားသည်။

အဆိုပါ တိုက်ပွဲများအတွင်း ကရင်နီတပ်မတော်(KA)မှ ဒုဗိုလ်တစ်ဦး၊ KNDF/B-04မှ ရဲဘော်တစ်ဦး နှင့် KNDF/B-19 မှ ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့ရ‌ကြောင်း သိရသည်။

#TachileikNewsAgency

Photo :Karenni Nationalities Defense Force-KNDF