ပင်လုံနှင့် လဲချားတွင် စစ်ကောင်စီတပ်မှ စတင်စစ်ရေးပြင်ဆင်၍ SSPP/SSAတပ်များလည်း စစ်ရေးပြင်ဆင်နေ

ပင်လုံနှင့် လဲချားတွင် စစ်ကောင်စီတပ်မှ စတင်စစ်ရေးပြင်ဆင်၍ SSPP/SSAတပ်များလည်း စစ်ရေးပြင်ဆင်နေ

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံ၊ လဲချားနှင့် မိုင်းနောင်တောင်ပိုင်းတွင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတပ်ဆင်ကာ စစ်ရေးပြင်ဆင်နေသဖြင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)တပ်များလည်း စစ်ရေးပြင်ဆင်နေကြောင်း သိရသည်။

ပင်လုံ၊ လဲချားနှင့် မိုင်းနောင်တောင်ပိုင်းရှိ SSPP တပ်စခန်း(၁၀)ခုကို ဆုတ်ခွာသွားရန် စစ်ကောင်စီဘက်က ၂၀၂၃ခုနှစ် ဇွန်လ(၉)ရက်နေ့နှင့် (၁၁)ရက်နေ့တို့တွင် နှစ်ကြိမ်စာပို့ပြီး တောင်းဆိုခဲ့သော်လည်း SSPPဘက်မှ စစ်ကြောင်း ပြန်မဆုတ်ပေးနိုင်ဟု ပြန်လည်တုန့်ပြန်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှ လက်နက်ကြီးပြင်ဆင်ကာ စစ်ရေးပြင်လာခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ အခုလို ဒီတောင်ပိုင်းကိုရောက်နေခြင်းက စစ်ကောင်စီအနေနဲ့လည်း သူတို့စစ်တိုင်းဌာနချုပ်ရဲ့ လုံခြုံရေးကို စိုးရိမ်နေရတာတစ်ကြောင်း ဒါကြောင့် ကျွန်တော်တို့ကို ဆုတ်ခိုင်းခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့လည်း ဘယ်လိုနည်းနဲ့မှ ပြန်ဆုတ်ပေးလို့ရမှာမဟုတ်တဲ့အတွက်  တကယ်လို့ သူတို့ဘက်က စစ်ရေးဆင်လာမယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်က စစ်ရေးနဲ့ဘဲ ပြန်လည်တုံ့ပြန်သွားဖို့ရှိပါတယ်။"ဟု SSPP အရာရှိတစ်ဦးက ပြောကြောင်း ယနေ့ဇွန်လ(၁၆)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်မှ လဲချားမြို့တောင်ဘက်ရှိ လွိုင်နမ့်တွန်တောင် အနီးနှင့် ပင်လုံ-လဲချား အကြားရှိ လွိုင်ခေတောင်ခြေတွင် (၈၁)မမ လက်နက်ကြီးတပ်ဆင်ထားပြီး လဲချားမြို့နယ် နားမင်းအုပ်စု ကောင်းဆန်းအနီးရှိ SSPPစစ်ကြောင်းများအား မျက်နှာမူထား၍ လူအင်အား (၃၀၀)ဝန်းကျင်ဖြင့် ချည်းကပ်လာသော‌ကြောင့် SSPPတပ်များလည်း စစ်ရေးပြင်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)သည် စစ်ကောင်စီတပ်နှင့် တွေ့ဆုံဆွေးနွေးမှုရှိထားသော်လည်း အပစ်အခတ်ရပ်စဲရေး (NCA)စာချုပ် လက်မှတ်ထိုးမထားသည့် အဖွဲ့တစ်ခုဖြစ်သည်။

#TachileikNewsAgency