မုံရွာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ပစ်သတ်ခံရမှု NUG တရားရုံးတွင် အမှုဖွင့်တရားစွဲထား

မုံရွာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ပစ်သတ်ခံရမှု NUG တရားရုံးတွင် အမှုဖွင့်တရားစွဲထား

စစ်ကိုင်းတိုင်း မုံရွာမြို့ ထန်းတောကျွန်းဆွယ်ရပ်ကွက်မှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ပစ်သတ်ခံရမှုမှ တရားခံများကို တရားစွဲဆိုအရေးယူထားကြောင်း မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၁၀)ရက်နေ့က ထန်းတောကျွန်းဆွယ်ရပ်ကွက် နယ်မြေ(၄)တွင် လက်နက်ကိုင် လူတစ်စုက ကိုယ်ဝန်ဆောင်အမျိုးသမီး မအေးငြိမ်းသူအား ပစ်သတ်ကာ ဓားပြတိုက်သည့်ဖြစ်စဉ်မှ တရားခံ(၇)ဦးကို ဖမ်းဆီးရမိခဲ့ပြီး တရားစွဲထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတရားခံများကို မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က မြေပြင်အဖွဲ့အစည်းနှင့်ချိတ်ဆက်ကာ ဖမ်းဆီးခဲ့ရာ ကျွဲကြီး(ခ)ဘိုငွေ၊ ပြုံးကြီး(ခ)ကျော်စိုးထွန်း၊ အောင်ကြီး(ခ)အောင်မြင့်ခိုင်၊ ဘဂျမ်း(ခ)ကျော်သူစံ၊ တက်တူး(ခ)မိုးမင်းထက်၊ ကရင်(ခ)အောင်ဆန်းဦးနှင့် ကျားလေး(ခ)ဝင်းမင်းထက်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက်အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၃၉၅/၃၉၆/၃၉၇ အရ တရားစွဲဆိုတင်ပို့ခဲ့ပြီး အမှုအမှတ် ၂၉/၂၀၂၃ဖြင့် အရေးယူထားကြောင်း သိရသည်။

#TachileikNewsAgency

Photo : မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့