ဖယ်ခုံမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားသေကာ လက်နက်ခဲယမ်းများရရှိ

ဖယ်ခုံမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားသေကာ လက်နက်ခဲယမ်းများရရှိ
ဇွန် 3, 2023 | 2021 Military Coup| ကယား

ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့ အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ ၂၀၂၃ခုနှစ်၊ မေလ(၂၀)ရက်နေ့မှ (၃၁)ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားသေကာ လက်နက်၊ ခဲယမ်းများ သမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ တပ်မ (၆၆) လက်အောက်ခံ တပ်ရင်းများသည် ဖယ်ခုံမြို့ အနောက်ဘက်ခြမ်း လွယ်ဟဲရွာနှင့် လွယ်လုံရွာကို စစ်ကြောင်းတစ်ကြောင်း၊ ခေါင်းအိရွာနှင့် စက်တော်ရွာဘက်ကို စစ်ကြောင်းတစ်ကြောင်းနှင့် လတူးဖက်ကို စစ်ကြောင်းတစ်ကြောင်းဖြင့်  ထိုးစစ်ဆင်လာရာ ဒေသကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိနှင့် စစ်ကြောင်းမှူးများအပါအဝင် (၆၂) ဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။တိုက်ပွဲအတွင်း အထိနာသည့် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှု များစွာပြုလုပ်ခဲ့ပြီး ဖယ်ခုံ စကခ(၇) နှင့် (၃၃၆) တပ်တို့မှလည်း လက်နက်ကြီး ပစ်ကူခဲ့ပေးခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း PDF နှင့် KNDF တို့မှ ရဲဘော်(၃)ဦး ကျဆုံးပြီး  ရဲဘော်တစ်ဦးသည် လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"အခုချိန်ထိ စစ်ရေးအခြေအနေက ဆက်လက်တင်းမာနေဆဲပါ။"ဟု 1008 SSRY တပ်ရင်းမှ တာဝန်ရှိသူက Tachileik News Agency ကို ယနေ့ ဇွန်လ(၃)ရက်နေ့ နေ့လည်ပိုင်းက ပြောသည်။

တိုက်ပွဲများပြင်းထန်နေသဖြင့် လက်နက်ခဲယမ်းလိုအပ်ချက်အများကြီးရှိနေသည့်အတွက် ကူညီပေးကြရန်လည်း 1008 SSRY တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုကို တပ်ရင်းအမှတ် - ၁၀၀၈ နှင့်အတူ KNDF၊ PDF-Loikaw၊ DMO Local-PDFs၊ MBPDF (1001 နှင့် 1007)၊ တပ်ရင်းအမှတ် 1002၊ 1009၊ 1003၊ KRU၊ NPT-PDF တပ်ရင်းများနှင့် အလယ်ပိုင်းတိုင်း အထူးတပ်ဖွဲ့တို့က ခုခံတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : 1008 SSRY တပ်ရင်း၊ ရှမ်းတောင် ဗဟို‌ကော်မတီ သတင်းနှင့်ပြန်ကြားရေး