လွိုင်ကော်မြို့ နားကွပ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်

လွိုင်ကော်မြို့ နားကွပ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်
သြဂုတ် 10, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ပတ်လမ်း နန်းကွပ်ရေစီးကွေ့တစ်လျှောက်တွင် ယမန်နေ့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ အနီးကပ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KNDF တပ်ရင်း(၁၄)က ယနေ့ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

စစ်ကောင်စီမှ စစ်ကြောင်းထိုးခြင်း၊ စစ်ယာဥ်တန်းများဖြင့် အင်အားဖြည့်ဝင်ရောက်ခြင်းများ လုပ်ဆောင်ပြီး လွိုင်ကော်မြို့ နားကွပ်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီယာဥ်တန်းအား KA၊ KNDF ဗျူဟာအမှတ်(၂)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၃)ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူများကာ စစ်သုံးကားတစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်သား သေဆုံးစာရင်းကို Tachileik News Agencyအနေဖြင့် အတည်မပြုနိုင်ပါ။

“စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဖို့က ထပ်ရှိနိုင်ပါတယ်ဗျ။ အခုလည်း တိုက်ပွဲဖြစ်တဲ့နေရာအနီးနားတော့ ရှိနေမှာပါပဲပေါ့။ အတိကျတော့ ကျွန်တော်တို့လည်း မသိနိုင်သေးပါဘူး။”ဟု KNDFတပ်ရင်း(၁၄)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့တွင်းသို့ အင်အားဖြည့်တင်းမှုများမှတဆင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိရှိစွာ သွားလာနေထိုင်ပေးကြရန်လည်း သတိပေးတိုက်တွန်းထားသည်။

#TachileikNewsAgency