ပေါက်မြို့နယ်တွင် တိုက်ပွဲများဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီတပ်က အရပ်သား ၃ ဦးကို သတ်ကာ ကျေးရွာများအတွင်းတပ်စွဲ၍ ပစ္စည်းများယူဆောင်

ပေါက်မြို့နယ်တွင် တိုက်ပွဲများဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီတပ်က အရပ်သား ၃ ဦးကို သတ်ကာ ကျေးရွာများအတွင်းတပ်စွဲ၍ ပစ္စည်းများယူဆောင်
အောက်တိုဘာ 25, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ပေါက်မြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ (၁၉)ရက်နေ့ကစတင်ကာ ယနေ့ အောက်တိုဘာလ (၂၅)ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အရပ်သား(၃)ဦးကို ဖမ်းဆီးသတ်ဖြတ်သွားကြောင်း မြိုင်မြို့နယ် ပကဖထံမှ သိရသည်။

ပေါက်မြို့နယ် ဇီးပြားရွာရှိ ပျူစောထီး၊ စစ်ကောင်စီတပ်သားနှင့် ရဲများသည် အောက်တိုဘာလ (၁၉)ရက်နေ့က ရေချိုးထွက်လာစဉ် မြိုင်မြို့နယ်ပကဖက ဒရုန်းဗုံးသီး (၁၅)လုံး၊ Rocket (၁၅)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ (၂၀)ရက်နေ့တွင် ဇီးပြား၊ သရော်ကိုင်းရွာများသို့ စစ်ကြောင်းဝင်ရောက်လာသော အင်အား(၂၀၀)ဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့များ၏ နောက်ကျန်အင်အားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ (၂၁)ရက်နေ့တွင် အိုင်းမရွာအနောက်ဘက် (၂)မိုင်ခန့်အကွာ၌ အဆိုပါစစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဗုံးသီး (၄၈)လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပြီးနောက် အောက်တိုဘာလ (၂၂)ရက်နေ့တွင် အိုင်းမရွာအနောက်ဘက်မှ စစ်ကြောင်း(၃)ကြောင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်များက ပစ်ခတ်ခြင်း၊ မိုင်းခွဲခြင်းအပြင် ဒရုန်းဗုံးသီး(၃၂)လုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

အဆိုစစ်ကြောင်းသည် အရပ်သား(၆)ဦးအား ဖမ်းဆီးခေါ်ဆောင်လာရာ ရေခါးကျေးရွာမှ ဦးကျောက်ရွှေနှင့် မန်ကျည်းဂုဏ်ကျေးရွာမှ ဦးသန်းငွေအား ပစ်သတ်သွားသည့်အပြင် အောက်တိုဘာလ (၁၈)ရက်နေ့တွင်လည်း ဝက်ပုတ်ကျေးရွာနှင့် ညောင်ရင်းကျေးရွာမှ အရပ်သားတစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ၎င်းစစ်ကြောင်းသည် အောက်တိုဘာလ (၂၁)ရက်နေ့ ညပိုင်းတွင် ရေခါးကျေးရွာမှ နေအိမ်များ၊ ဈေးဆိုင်များကို ဝင်ရောက်မွှေနှောက်ကာ ပစ္စည်းများအား ယူဆောင်သွားပြီး အောက်တိုဘာလ (၂၁)ရက်နေ့တွင် ၎င်းစစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက လိုက်လံတိုက်ခိုက်ခဲ့ပြီးနောက် အောက်တိုဘာလ (၂၄)ရက်နေ့တွင် ကျောက်တိုင်ခင်ကျေးရွာအဝင်၌ မိုင်းခွဲ၍ အနီးကပ် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျောက်တိုင်ခင်ရွာသို့ ဝင်ရောက်သွားဟု သိရသည်။

ထို့နောက် ဖလန်ကိုင်းရေနံမြေရဲစခန်းမှ ပစ်ကူပေး၍ ကားများဖြင့် ကျောက်တိုင်ခင်ကျေးရွာမှ စားနပ်ရိက္ခာများနှင့် တန်ဖိုးရှိပစ္စည်းများအား ဖလန်ကိုင်းရေနံမြေအတွင်းသို့ သယ်ဆောင်သွားကြသည့်အပြင် ကျောက်တိုင်ခင်ကျေးရွာတွင်လည်း တပ်စွဲနေခဲ့သည်ဟု သိရသည်။

ယနေ့ အောက်တိုဘာလ (၂၅)ရက်နေ့တွင် ကျောက်တိုင်ခင်ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဖလန်ကိုင်းရေနံမြေစခန်းမှ ကား(၃)စီးဖြင့် ကျေးရွာတွင်းရှိ နေအိမ်များအား မွှေနှောက်၍ ရိက္ခာများ ထပ်မံယူဆောင်သွားကာ ဒေသခံများကိုလည်း ရိုက်နှက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပခုက္ကူမှ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ အင်အား(၈၀)ဝန်းကျင်သည် မြိုင်မြို့နယ် တွင်းမကျေးရွာသို့ ရောက်ရှိနေသဖြင့် နီးစပ်ရာကျေးရွာများမှ ဒေသခံများ ကြိုတင်ရှောင်ရှားကြရန် တိုက်တွန်းထားသည်။

အဆိုပါတိုက်တိုက်ခိုက်မှုများကို မြိုင်-ပကဖ၊ ပေါက်-ပကဖ၊ တောင်ညိုနဂါး၊ ပခုက္ကူမြို့ပြပြောက်ကျားနှင့် အခြားကာကွယ်ရေးအဖွဲ့များစွာက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency