ကန့်ဘလူမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ် နှင့် ပျူစောထီးတို့က ပြီးခဲ့သည့် (၂)လတာ ကာလအတွင်း နေအိမ်ပေါင်း (၁၁၀၀)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ 

ကန့်ဘလူမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ် နှင့် ပျူစောထီးတို့က ပြီးခဲ့သည့် (၂)လတာ ကာလအတွင်း နေအိမ်ပေါင်း (၁၁၀၀)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ 
ဇန်နဝါရီ 1, 2023 | 2021 Military Coup| အခြားဒေသများ

 အာဏာသိမ်းစစ်ကောင်စီတပ် နှင့် ပျူစောထီးအဖွဲ့တို့ ပူးပေါင်းပြီး ကန့်ဘလူမြို့နယ်အတွင်း၌ ပြီးခဲ့သည့် (၂)လတာကာလအတွင်း နေအိမ်ပေါင်း (၁၁၀၀)ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ မြေပြင်သတင်းများအရ သိရသည်။

အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့သည် ဒီဇင်ဘာလ၏ နောက်ဆုံးရက်၏ နေ့လည်ပိုင်းက ကန့်ဘလူမြို့နယ်အတွင်း ကျေးပက်အက်ရွာ၏ မြောက်ဘက်ရှိ မြိုင်သာယာကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ  ခမရ(၃၆၈) နှင့် ပျူစောထီးအဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင် ဒေသကာကွယ်ရေးအဖွဲ့များမရှိသော်လည်း ယင်းသို့ လုပ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

"စစ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေက PDF တွေရဲ့ ရွာဆိုပြီး မီးရှို့ဖျက်ဆီးသွားတာ။ အဓိက က ပျူစောထီးတွေက အမြင်မကြည်ရင် မကြည်သလို သတင်းအမှားပေးပြီး သူတို့ ထင်တိုင်းကြဲသွားကြတာ။ အိမ်တစ်အိမ်ဖြစ်ဖို့က မလွယ်ဘူးလေ။ အခုတော့ ဒုက္ခရောက်ကြရတတော့တာပဲဗျာ"ဟု လိတ္တူကျေးရွာအုပ်စုအတွင်းနေသူ ဒေသခံ တစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်တပ်တပ်နှင့် ပျူစောထီးများ၏ အကြမ်းဖက်မှုများကြောင့် မြိုင်သာယာကျေးရွာ နှင့် အနီးအနားရှိ ကျေးရွာများမှ ဒေသခံများမှ နေအိမ်များကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

"သူတို့တွေ က မင်းတို့တွေ ဘာမှ မလုပ်ရင် ငါတို့က ဘာမှမလုပ်ဘူးလို့ စကားအလှပြောပေမဲ့ သူတို့က မထင်ရင် မထင်သလို ကြိုးတုပ်ပြီး ရိုက်နှက်စစ်ဆေးတာ။ အဲ့လို လုပ်တော့ ဒီက လူတွေကလည်း ကြောက်တော့ အသံကြားတာနဲ့ ထွက်ပြေးနေရတာပဲ"ဟု ကျေးရွာဒေသခံ တစ်ဦးက Tachileik News Agency ကို ပြောပြသည်။

 

စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့သည် ၂၀၂၂ခုနှစ်၏ ဒီဇင်ဘာလ(၁၄)ရက်နေ့ကနေ (၁၆)ရက်နေ့အထိ လွှဲဆိပ်၊ လက်ခုပ်ကုန်း နှင့် ဘော ကျေးရွာတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးသည့်အတွက် နေအိမ်(၅၇)လုံး မီးလောင် ပျက်ဆီးခဲ့ရသည်။

ယင်းအပြင် ဒီဇင်ဘာလ(၁၇)ရက်နေ့ နှင့် ဒီဇင်ဘာလ(၂၄)ရက်နေ့တို့တွင်လည်း ဂါးကလော်ကျေးရွာအတွင်းရှိ နေအိမ်(၃၁)လုံးကို မီးရှို့ဖျက်ဆီးသည့်အပြင် ထွက်မပြေးဘဲ ကျန်နေသည့် ရွာထဲက ဒေသခံ ပြည်သူများထဲက  (၅)ဦးကိုလည်း ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ပြည်သူ (၅)ဦးတွင် အမျိုးသား(၃)ဦး နှင့် အမျိုးသမီး (၂)ဦးတို့ ပါဝင်ပြီး ဖမ်းဆီးခံရပြီး နောက်တစ်နေ့တွင် အသတ်ခံထားရသည့် အဆိုပါ အမျိုးသား(၃)ဦး၏ အလောင်းကို ပြန်လည်တွေ့ရှိခဲ့သော်လည်း အမျိုးသမီး(၂)ဦးကိုတော့ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ ရှာဖွေတွေ့ရှိခြင်း မရှိသလို အဆက်အသွယ် ပြတ်တောက်နေဆဲ ဖြစ်ကြောင်း သိရသည်။

"စစ်တပ်ရဲ့ လုပ်ရိုး လုပ်စဉ်တွေထဲမှာ ရှေ့တန်းမှာ ဖမ်းမိသူ မှန်သမျှကို  မခေါ်ခဲ့ခိုင်းဘူး။ ရှေ့တန်းတစ်လျှောက် အထမ်းသမားအဖြစ်တို့ တောက်တိုမယ်ရတို့ ခိုင်းချင်တာ ခိုင်းပြီး ပြန်လွှတ်ပေးရင် ပြန်လွှတ်ပေး ပြန်မလွှတ်ပေးချင်ရင် အစဖျောက်ခိုင်းတာ။ ဒါက ကျွန်တော်တို့ ဟိုးအရင် ရှေ့တန်းမှာကတည်းကပါပဲ။ ဒီအစဉ်အလာကို သူတို့တွေက ခုထိ ကျင့်သုံးနေဆဲလို့ ထင်တယ်"ဟု ကရင်နီ(ကယား)ပြည်နယ်အတွင်း ရှေ့တန်းတွင် တာဝန်ကျခဲ့သည့် စစ်မှုထမ်းဟောင်းတစ်ဦးက Tachileik News Agency ကို ပြောပြသည်။

ကန့်ဘလူ ၅၅၀ ဆရာတော် ဦးဝါသဝအမည်ခံ သင်္ကန်းဝတ် အမျိုးသား ဦးဆောင်ထားသည့် ပျုစောထီး(ပြည်သူ့စစ်)အဖွဲ့

အာဏာသိမ်းစစ်ကောင်စီတပ် နှင့်  လူသတ်အားပေး ဘုန်းကြီးဟု နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် ကန့်ဘလူ ၅၅၀ ဆရာတော် ဦးဝါသဝအမည်ခံ သင်္ကန်းဝတ် အမျိုးသား ဦးဆောင်ထားသည့် ပျုစောထီး(ပြည်သူ့စစ်)အဖွဲ့တို့၏ မီးရှို့ဖျက်ဆီးခံရမှုကြောင့်   ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာများရှိ နေအိမ်များမှာ ၂၀၂၂ခုနှစ် နိုဝင်ဘာလအတွင်းက နေအိမ်ပေါင်း (၈၉၅)လုံး နှင့် ဒီဇင်ဘာလ (၃၀)ရက်နေ့အထိ နေအိမ်ပေါင်း (၂၁၆)လုံး   မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

၂၀၁၉ခုနှစ်အထိ စက်တင်ဘာလအထိ ကန့်ဘလူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများအရ ကန့်ဘလူမြို့နယ်အတွင်း၌ ကျေးရွာအုပ်စုပေါင်း (၈၅)အုပ်စုရှိနေပြီး ထိုကျေးရွာအုပ်စုထဲတွင် ကျေးရွာပေါင်း (၂၉၆)ရွာ ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်အတွင်း၌ မြို့ပေါ် နှင့် ကျေးလက်ဒေသတို့တွင် ကျေးလက်ဒေသ၌ နေထိုင်သည့် လူဦးရေက မြို့ပေါ်နေသူများထက် လူဦးရေ (၂)သိန်းကျော် ပိုကြောင်း သိရသည်။