ဖက်ဒရယ်နှင့် ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် လက်တွဲ ကြိုးပမ်းသွားမည်ဟု SSPP ထုတ်ပြန်

ဖက်ဒရယ်နှင့် ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် လက်တွဲ ကြိုးပမ်းသွားမည်ဟု SSPP ထုတ်ပြန်

 ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရန် ဖက်ဒရယ်နှင့် ဒီမိုကရေစီ လိုလားသော အင်အားစုများနှင့် လက်တွဲကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က  သတင်းထုတ်ပြန်သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ၏ ၂၀၂၂ ခုနှစ် တိုးချဲ့ဗဟိုကော်မတီမျက်နှာစုံညီ (နှစ်ချုပ်) အစည်းအဝေးကို ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်မှ ဖေဖော်ဝါရီလ (၁)အထိပြုလုပ်ခဲ့ပြီးနောက် ယနေ့ ဖေဖော်ဝါရီလ (၃)ရက်တွင် ထုတ်ပြန်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွက် အလိုအပ်ဆုံးသောအရာသည် အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ရေရှည်တည်တန့်ခိုင်မြဲသည့် ငြိမ်းချမ်းရေးဖြစ် ပြီး အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ရေရှည်တည်တန့်ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်အတွက် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သော ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးပင် ဖြစ်သဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရန် ဖက်ဒရယ်နှင့် ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် လက်တွဲ ကြိုးပမ်းသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ ရင်ဆိုင်ကြုံ‌တွေ့နေရသည့် လက်ရှိနိုင်ငံရေးအကြပ်အတည်းများကို အဖြေရှာကျော်လွှားနိုင်ရေးနှင့် အနာဂါတ်ပြည်ထောင် စု တည်ဆောက်နိုင်ရေးသည် လူတစ်စု၊ လူမျိုးတမျိုးတည်း၏ မူပိုင်အရေးမဟုတ်ဘဲ လူမျိုး၊ ဘာသာမရွေး ပြည်ထောင်စုသား တိုင်း ရင်းသားလူမျိုးတိုင်း၏ သမိုင်းပေးတာဝန်ဖြစ်သည့်အတွက် စုပေါင်းတာဝန်ယူဖြေရှင်းရမည်ဟု ထုတ်ပြန်ထားသည်။

နိုင်ငံရေး မငြိမ်သက်မှု၊ စီးပွားရေးကြပ်တည်းမှု၊ COVID 19 ပြန့်နှံ့ကူးစက်မှုတို့ကြောင့် ဆင်းရဲဒုက္ခအပေါင်းနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ပြည်သူလူထု၏ လူနေမှုဘဝ ပြန်လည်ရှင်သန်ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် နည်းလမ်းရှာ စီမံဆောင်ရွက်သွားမည်ဟု ဆိုသည်။

ဒါ့အပြင် လူထုအကျိုးပြု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ဆင်းရဲမွဲတေမှု ပပျောက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

၎င်းအစည်းအဝေးကို ဗိုလ်ချုပ်ကြီး စဝ်စေထင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဗဟိုကော်မတီဝင် (၂၆)ဦး၊ အရံဗဟိုကော်မတီ  (၅)ဦးနှင့် ဗဟိုရုံးအဖွဲ့(၁၄) ဦးတို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

 

Photo: SSPP