ကန့်ဘလူရှိ ပေကြီးရွာအား စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီးနေ

ကန့်ဘလူရှိ ပေကြီးရွာအား စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီးနေ
အောက်တိုဘာ 10, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်အတွင်းရှိ ပေကြီးရွာအား စစ်ကောင်စီတပ်ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့ ညနေပိုင်းက ပစ်ခတ်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ ခြေမြန်တပ်ရင်း (၃၆၁)နှင့် ပျူစောထီး အင်အား(၁၀၀)ကျော်သည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပေကြီးရွာအား ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလ (၉)ရက်နေ့က ငှက်ပျောတိုင်းရွာ လျှပ်စစ်ဓာတ်အားပေးရုံအနီး ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင်  စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူများသဖြင့် လေကြောင်းမှ (၃)ကြိမ် ပစ်ကူပေးခဲ့ပြီးနောက် အင်အားဖြည့်တင်းကာ ငှက်ပျောတိုင်းအနီးရှိ ကျေးရွာများအား စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေ‌ခြင်းဖြစ်သည်ဟု သိရသည်။

ပေကြီးရွာမှာ ငှက်ပျောတိုင်းရွာ၏တောင်ဘက် (၆)မိုင်ခန့်အကွာ ဗျူဟာလမ်းပိုင်းတွင်တည်ရှိပြီး စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေခြင်းကြောင့် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းအား အသုံးပြု၍ မရဖြစ်နေသည်ဟု သိရသည်။

ယင်းစစ်ကြောင်းသည် အောက်တိုဘာလ (၆)ရက်နေ့တွင်လည်း အင်းလယ်ကြီးရွာမှ စစ်ဘေးရှောင်တဲတိုက်တွင် စစ်ဘေးရှောင်နေသည့်  မောင်ပိုင်သက်ကျော်  (၁၆)နှစ်၊ ကိုတာဝေး(၃၀)နှစ်နှင့် ကိုကျောက်စိမ်းဦး (၃၀)နှစ်တို့အား  ငါတိုရွာပျူစောထီးစခန်းသို့ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး အောက်တိုဘာလ (၈)ရက်နေ့တွင် အသက်မပြည့်သေးသည့် မောင်ပိုင်သက်ကျော် တစ်ဦးတည်းကိုသာ ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသဖြင့် တိုက်နယ်(၈)ခုအနက် ကိုးတောင်ဘို့တိုက်နယ်၊ ချပ်သင်းတိုက်နယ်၊ ထန်းကုန်းတိုက်နယ်၊ ဇီးကုန်းတိုက်နယ်၊ မလည်တိုက်နယ်နှင့် ကာဘိုးတိုက်နယ်တို့မှ ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

#TachileikNewsAgency