စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်နေ

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်နေ
အောက်တိုဘာ 30, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြိုနယ်၊ မော်ကွန်းတောင် အနောက်ဖက်တောင်ရိုးတလျှောက်၌ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ညီနောင်မဟာမိတ်များထံမှ သိရသည်။

မော်ကွန်းတောင် အနောက်ဖက်တောင်ရိုးတလျှောက်၌ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့သည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့ကစတင်ကာ ယနေ့ အောက်တိုဘာလ (၃၀)ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

ယခုရက်များအတွင်း စစ်ကောင်စီတပ်နှင့် မဟာမိတ်တပ်များဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်က မော်ကွန်းတောင် အနောက်ဖက် တောင်ရိုးတလျှောက်ကို လေကြောင်းတိုက်ခိုက်မှု အများဆုံးပြုလုပ်နေသည့် နေရာတစ်ခုဖြစ်သည်ဟု သိရသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်က ထိခိုက်သေဆုံးသူများပြီး မဟာမိတ်တပ်များဘက်ကလည်း ထိခိုက်ကျဆုံးသူရှိခဲ့ကာ အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက်မှုများနှင့်အတူ တိုက်ပွဲအရှိန်ဆက်လက်မြင့်တက်နေသည်ဟု ဆိုသည်။ 

ထို့အပြင် ရက္ခိုင့်တပ်တော်အခြေစိုက် လှုပ်ရှားသောနေရာများထဲမှ တစ်ခုဖြစ်သော ကချင်ပြည်နယ်၊ လိုင်ဇာဌာနချုပ် ပတ်ဝန်းကျင်အနီးတိုက်ပွဲများတွင်လည်း ရက္ခိုင့်တပ်တော်(AA)က မဟာမိတ်များနှင့်အတူ ဟန်ချက်ညီပူးပေါင်းစစ်ဆင်ရေးများတွင် ပါဝင်နေသည်ဟု သိရသည်။

#TachileikNewsAgency