ကရင်နီပြည်နယ်တိုက်ပွဲများတွင်  ၂၀၂၂ခုနှစ်အတွင်း အာဏာသိမ်း စစ်အုပ်စုဘက်က (၈၀၀)နီးပါး သေဆုံးကာ KNDF ဘက်က (၆၀)ကျော် ကျဆုံးခဲ့

ကရင်နီပြည်နယ်တိုက်ပွဲများတွင်  ၂၀၂၂ခုနှစ်အတွင်း အာဏာသိမ်း စစ်အုပ်စုဘက်က (၈၀၀)နီးပါး သေဆုံးကာ KNDF ဘက်က (၆၀)ကျော် ကျဆုံးခဲ့
ဇန်နဝါရီ 6, 2023 | 2021 Military Coup| ကယား

 ကရင်နီ(ကယား)ပြည်နယ်၌ ၂၀၂၂ ခုနှစ်အတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF) နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များသည် အာဏာသိမ်းစစ်အုပ်စုနှင့်  တိုက်ပွဲပေါင်း (၃၄၁)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား(၈၀၀)နီးပါးသေကာ စစ်ကောင်စီတပ်၏ ရှေ့တန်းတပ်စခန်းအချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း KNDF က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၆)ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား(၇၉၇)ဦး သေဆုံးခဲ့သလို (၉၃)ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၁၅၀)ကျော်နှင့် လက်နက်ကြီးဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း KNDF မှ လက်နက်ငယ်(၃၃)လက်နှင့် လက်နက်ကြီး (၇)လက်အပြင် ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်း(၁၁)ဦးကိုဘညါး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဒါ့အပြင် တပ်မ(၆၆)အပါအဝင် နယ်မြေခံတပ်ရင်းများမှ စစ်ကောင်စီတပ်သား (၇)ဦး ပြည်သူ့ရင်ခွင်ခိုလှုံကာ CDM ပြုလုပ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ(၁၃)ဦးသေဆုံးခဲ့ရပြီး (၆၄)ဦး ထိခိုက်ဒဏ် ရာရခဲ့ကာ နေအိမ်အဆောက်အဦ (၆၇)လုံး အပါအဝင် ဘာသာရေးအဆောက်အဦ (၄)လုံးနှင့် စေတီ (၁)ဆူ ထိခိုက်ပျက်စီးခဲ့ရ ကြောင်း သိရသည်။

တစ်နှစ်တာ တိုက်ပွဲအတွင်း KNDF မှ ရဲဘော် (၆၅)ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

 

Photo: KNDF