ပေါင်းတည်မြို့နယ်အတွင်း ကျေးရွာနေပြည်သူများကို အမျိုးမျိုး ဒုက္ခပေးနေသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ရာ တစ်ဦးသေကာ တစ်ဦး ဒဏ်ရာရပြီးနောက် ယာတဲ (၈)လုံး မီးရှို့ခံရ

Photo: BAGO REGION PDF
Photo: BAGO REGION PDF
ပေါင်းတည်မြို့နယ်အတွင်း ကျေးရွာနေပြည်သူများကို အမျိုးမျိုး ဒုက္ခပေးနေသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ရာ တစ်ဦးသေကာ တစ်ဦး ဒဏ်ရာရပြီးနောက် ယာတဲ (၈)လုံး မီးရှို့ခံရ

 ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း သစ်ပုတ်ကျေးရွာအုပ်စု၊ လက်ပံခုံရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားပြီးနောက် ကျေးရွာနေ ပြည်သူပိုင် ယာတဲ(၈)လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

လက်ပံခုံရွာအနီး မြေနီတောင်ကြောပေါ်ရှိ တောင်သူများအား ခြိမ်းခြောက် အနိုင်ကျင့်ကာ ဆက်ကြေးတောင်းပြီး ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် အင်အား(၄၀)ဝန်းကျင်ပါသော စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်ရင်း(၃၆၀၁) ( ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ PPDF)က ၂၀၂၃ခုနှစ် ဇွန်လ(၃)ရက်နေ့ နံနက်(၇)နာရီအချိန်က ပြောက်ကျားနည်းသုံးကာ  ခြုံခိုတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား တစ်ဦး သေကာ တစ်ဦးဒဏ်ရာရရှိသွားရာ သေဆုံးသူ တစ်ဦးကို ယာတဲပေါ်တွင် တင်ပြီး မီးရှို့သွားသည့်အပြင် အနီးအနားရှိ ပြည်သူပိုင် ယာတဲ (၈)လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခြင်း ဖြစ်ကြောင်း BAGO REGION PDF၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဒဏ်ရာရရှိသူ တစ်ဦးကိုတော့ စောင်ဖြင့် ပုခက်ပြုလုပ်ပြီး သစ်ပုတ်ရွာသို့ သယ်ဆောင်သွားသည်ဟုလည်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် လက်ပံခုံကျေးရွာတွင် (၂)ရက်တာ တပ်စွဲနေထိုင် စားသောက်သည့် ကာလအတွင်း ကျေးရွာနေ ပြည်သူ(၇၀)ကျော်ကို ဇွန်လ(၂)ရက်နေ့ နံနက်(၈)နာရီကနေ ညနေ(၅)နာရီကျော်အချိန်အထိ အစားမကျွေး ရေမတိုက်ဘဲ ကွင်းပြင်တွင် နေလှမ်းပြီး ညင်းဆဲမှုများကို လုပ်ဆောင်ခဲ့သည့် စစ်ကြောင်း ဖြစ်ကြောင်း သိရသည်။