စစ်ကောင်စီတပ်က ဖရူဆိုအနောက်ခြမ်း ကျေးရွာများကို (၃)ည ဆက်တိုက် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး ဘုရားကျောင်း အပါအဝင် နေအိမ်များ ထိခိုက် ပျက်စီး

စစ်ကောင်စီတပ်က ဖရူဆိုအနောက်ခြမ်း ကျေးရွာများကို (၃)ည ဆက်တိုက် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး ဘုရားကျောင်း အပါအဝင် နေအိမ်များ ထိခိုက် ပျက်စီး
ဇွန် 25, 2023 | 2021 Military Coup| ကယား

 ကရင်နီ(ကယား)ပြည်နယ်အတွင်း ဖရူဆိုမြို့နယ်၏ အနောက်ခြမ်း လက်ပန်းဆက်သွယ်ရေးမကောင်းသည့် ကျေးရွာများတွင် အာဏာသိမ်းစစ်ကောင်စီတပ်က (၃)ညဆက်တိုက် လေကြောင်း တိုက်ခိုက်မှုများပြုလုပ်မှုကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး ဘုရားကျောင်း အပါအဝင် နေအိမ်များ ထိခိုက် ပျက်စီးခဲ့ရကြောင်း သိရသည်။



၂၀၂၃ခုနှစ် ဇွန်လ(၂၂)ရက်နေ့ နံနက်အစောပိုင်းက ဖရူဆိုမြို့နယ်၏ အနောက်ခြမ်းရှိ ဒိုရော့ရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်များ ထိခိုက်ပျက်စီးသည့်အပြင် အသက်(၅၂)နှစ်အရွယ် ဦးလွီးစီမှာ သေဆုံးသွားပြီး အသက်(၂)နှစ်ခွဲကနေ အသက်(၅)နှစ်အရွယ် ကလေးငယ်တို့နှင့် မိခင်ဖြစ်သူတို့မှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

"ထိတဲ့ မောင်နှမ နှစ်ယောက်က ဒီဘက်အိမ်မှာ အိပ်နေတာ၊ သူ့အဖေအမေရယ်လဲ ရှိတယ်၊ ကလေးတစ်ယောက်က သူ့ခြေမနဲ့ ခြေချောင်း နှစ်ချောင်း ပြတ်ထွက်သွားတယ်၊ ကလေးတစ်ယောက်က ခြေသလုံးထိတာ၊ ဆေးကုနေတယ်။ သူတို့အမေက မျက်ခုံးနားရှပ်ထိတာ အနာက ခုအစိမ်းကြီး ရှိသေးတယ်၊ ဒါပေမဲ့ ဆေးခန်းသွား မပြရဲဘူး ပြောတယ်၊ လေယာဉ်ကြဲတာ ကြောက်လို့တဲ့၊ ဖြစ်ကတည်းက တောထဲသွားရှောင်နေကြပြီ"ဟု ဒေသခံတစ်ဦး၏ ပြောပြချက်ကို Karenni's Voice က ဖော်ပြထားရှိသည်။

ဖရူဆိုမြို့နယ်၏ အနောက်ခြမ်းသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ကူညီရေး လူမှုအဖွဲ့အစည်းများ အရောက်အပေါက်နည်းကာ အိမ်ခြေစုစုပေါင်း (၄၀)ဝန်းကျင်သာရှိသည့် ကျေးရွာ(၃)ရွာကို စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ် ဇွန်လ(၂၁)ရက်နေ့ကနေ ဇွန်လ(၂၃)ရက်နေ့ အထိ (၃)ညဆက်တိုက် လေကြောင်းဖြင့် (၄)ကြိမ် ဗုံးကြဲ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း Karenni's Voice ၏ ဖော်ပြထားချက်အရ သိရသည်။

(၃)ရက်ဆက်တိုက် ဗုံး(၄)ကြိမ် ကြဲချမှုကြောင့် ဒိုရော့ရွာတွင်ဘုရားရှိခိုးကျောင်း အပါအဝင် နေအိမ်(၄)လုံး ထိခိုက် ပျက်စီးခဲ့ရသလို လုခူးပရာရွာတွင်လည်း စာသင်ကျောင်း အပါအဝင် နေအိမ်(၅)လုံး ထိခိုက် ပျက်စီးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အဆိုပါကျေးရွာများတွင်းနေ ဒေသခံများမှာ မနေရဲတော့ဘဲ အနီးအနားရှိ တောတောင်ထဲသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်မှာ လူဦးရေ (၁၅၀)ဝန်းကျင်ရှိကြောင်းနှင့် ၎င်းတို့သည် မိုးဒဏ်ကို အန်တုပြီး တောထဲတွင် မိုးကာတဲများထိုးပြီး ဖြစ်သလို နေနေရကြောင်း သိရသည်။

 

 

Photo : Karenni's Voice, A.S/Karenni's Voice,  A.N/Karenni's Voice