အုတ်ဖိုမြို့နယ်တွင် ယာယီအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ

အုတ်ဖိုမြို့နယ်တွင် ယာယီအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်တွင် ယာယီအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီးနောက် လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ယာဉ်များ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

တိမ်းရှောင်နေသည့် ထန်းပင်ကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်း၏ နေရာတွင် အစားထိုးအုပ်ချုပ်နေသည့် ယာယီအုပ်ချုပ်ရေးမှူး ရာအိမ်မှူး ဂျော့(စ်)အား ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၇)ရက်နေ့ ညပိုင်းက သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ(၄)၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)မှ ၎င်း၏နေအိမ်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

ရာအိမ်မှုး ဂျော့(စ်)ဆိုသူ ပစ်ခတ်ခံရှင်းလင်းပြီးနောက် လာရောက်သည့် စစ်ကားနှင့် ရဲကားများအား ထန်းပင်ကုန်းရွာနှင့် တိမ်မြုပ်ရွာကြားက ကြယ်နီကုန်းရွာအနီး၌ မိုင်းဆွဲခဲ့ရာ ရဲကားမှာ လမ်းဘေးထိုးကျသွားပြီး ရဲနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။ 

ပစ်ခတ်ခံရသည့် ရာအိမ်မှူး ဂျော့(စ်)သည် စစ်ကောင်စီကို ဝင်ငွေရစေသည့် တရားမဝင် လောင်းကစားဝိုင်းများ၊ ချဲနှစ်လုံးဒိုင်များနှင့် အရက်ဘီယာဆိုင်များကို လိုက်လံဆက်ကြေးကောက်ခံခြင်း၊ စစ်ကောင်စီတပ်အား PDF စခန်းနေရာများကို သတင်းပေးခြင်းနှင့် လိုက်လံပြသခြင်း၊ CDM သူနာပြုဆရာမ မမေဇွန်မိုးနှင့် PDF ရဲဘော်(၂)ဦးကို ဖမ်းဆီးသတ်ဖြတ်ရာတွင် စစ်ကောင်စီတပ်သားများနှင့်အတူ အဓိကဦးဆောင်ခဲ့ခြင်း၊ ဒေသခံပြည်သူများကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးရိုက်နှုက်ခြင်းတို့ကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : အုပ်ချုပ်ရေးမှူး ‌ဂျော့(စ်)၏ နေအိမ်