ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ စစ်ကောင်စီတပ်၏ ကာကင်းစခန်း ၈ ခုကို KNLA ပူးပေါင်းတပ်များ သိမ်းပိုက်ရှင်းလင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ စစ်ကောင်စီတပ်၏ ကာကင်းစခန်း ၈ ခုကို KNLA ပူးပေါင်းတပ်များ သိမ်းပိုက်ရှင်းလင်း
ဇန်နဝါရီ 4, 2024 | 2021 Military Coup| အခြားဒေသများ

ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ကညွတ်ကွင်းမြို့အနီးရှိ စစ်ကောင်စီတပ်၏ ကာကင်းစခန်း(၈)ခုကို KNLA ပူးပေါင်းတပ်များက ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း KNUဗဟိုထံမှ သိရသည်။

ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရထားလမ်းနှင့် စစ်ကောင်စီ၏ စခန်းအနီးတွင် လုံခြုံရေးယူထားသော ကာကင်းစခန်းများ၊ ၎င်းတို့အတွက် ရိက္ခာသယ်ယူပို့ဆောင်ရေးအတွက် အရေးကြီးသည့် တံတားတစ်ခုအပါအဝင် ကာကင်းစခန်း (၈)ခုအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)မှ ဦးဆောင်ပြီး တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစခန်းများမှာ ကညွတ်ကွင်းမြို့အနီးရှိ တောင်ဂုန်းတဲရွာအနီးမှ ကာကင်းစခန်း(၈)ခုဖြစ်သည့် သံလမ်းတံတားကင်း၊ စာသင်ကျောင်းကင်း၊ ဘုန်းကြီးကျောင်းကင်း၊ နတ်စင်ကင်း၊ အုတ်ဖိုကင်း၊ လင်းယောခင်ရွာကင်း၊ အောင်မင်္ဂလာဘုန်းကြီးကျောင်းကင်းနှင့် ကညွတ်ကွင်းနှင့် တောကျွဲအင်းကြားရှိ တံတားကင်းစခန်းအပြင် တံတားတို့ကို တိုက်ခိုက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်ရှင်းလင်းခဲ့ပြီးနောက် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုစာရင်းများကိုမူ မသိရသေးပါ။

#TachileikNewsAgency

Photo: 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻