စစ်အာဏာသိမ်းပြီးထားသည့် ရက်ပေါင်း ၆၀၀ ကျော် အတွင်း အရပ်သားပြည်သူ ၂၅၀၀ နီးပါး အသတ်ခံရပြီး သောင်းနှင့်ချီ၍ ဖမ်းဆီးခံထားရ

 စစ်အာဏာသိမ်းပြီးထားသည့် ရက်ပေါင်း ၆၀၀ ကျော် အတွင်း အရပ်သားပြည်သူ ၂၅၀၀ နီးပါး အသတ်ခံရပြီး သောင်းနှင့်ချီ၍ ဖမ်းဆီးခံထားရ
နိုဝင်ဘာ 9, 2022 | 2021 Military Coup| အခြားဒေသများ

စစ်တပ်က အာဏာသိမ်းလိုက်သည့် ရက်ပေါင်း (၆၄၇)ရက်မြောက်နေ့ ဖြစ်သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့အထိ သေဆုံး အရပ်သားပြည်သူ (၂၄၂၈) ဦးရှိနေပြီး စစ်အာဏာရှင်အုပ်စုက ဖမ်းဆီးချုပ်နှောင်ထားသူ စုစုပေါင်း (၁၂၉၁၈)ဦးရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ရရှိထားသည့်စာရင်းကိုအခြေခံ၍ ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်၍ ဖမ်းဆီးခံရသူများအနက်မှ (၁၆၃၃) ဦးမှာ ထောင်ဒဏ်အသီးသီးချမှတ်ခံထားကြရပြီး ယင်းတို့အနက် သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူမှာ (၈၆)ဦးရှိနေသည်ဟု သိရသည်။

ယင်းအပြင် အာဏာသိမ်းအုပ်စုက မျက်ကွယ်သေဒဏ်ချမှတ်ခံရသူ (၄၂)ဦး အပါအဝင် (၁၂၁)ဦးမှာ မျက်ကွယ်ပြစ်ဒဏ်များ ချမှတ်ခံထားရကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)သည် စစ်အာဏာသိမ်းခံရသည့်ကာလအတွင်း ဖမ်းဆီးချုပ်နှောင်၊ သေဆုံးရသူများစာရင်းကို လက်လှမ်းမီသမျှ မှတ်တမ်းပြုစုနေခြင်းဖြစ်ပြီး ရရှိသည့်အချက်အလက်များပေါ်အခြေခံ၍ ထုတ်ပြန်ပေးနေခြင်းဖြစ်ရာ မြေပြင်တွင် ဖြစ်ပွားနေသည့်အခြေအနေမှာ ၎င်းတို့ ထုတ်ပြန်ထားသည့် အရေအတွက်ထက် ပို၍များပြားနိုင်သည့် အခြေအနေတွင် ရှိနေသည်။

စစ်အာဏာရှင်ဆန့်ကျင်မှုဖြင့် ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသူများ၏ အချက်အလက်များကို [email protected] နှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို [email protected] တို့သို့ ဆက်သွယ်ပေးပို့ အကြောင်းကြားကြရန်ကိုလည်း AAPP က အသိပေးထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် အာဏာသိမ်းလိုက်ချိန်မှစ၍ ၎င်းတို့အား ဆန့်ကျင်သည့် ပြည်သူလူထုကို အကြမ်းဖက်နှိမ်နှင်းမှု နည်းလမ်းမျိုးစုံသုံး၍ လုပ်ဆောင်နေရာ နိုင်ငံတဝန်း အသက်ဆုံးရှုံးရသူ၊ ဖမ်းဆီးချုပ်နှောင်ခံရသူ၊ တိမ်းရှောင်နေရသူ အများအပြားရှိနေပြီး စစ်တပ်ကအင်အားသုံး၍ အကြမ်းဖက်ကာ နှိမ်နှင်းခြင်းကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

#TachileikNewsAgency

Photo: AAPP