လူမှုရေး၊ နိုင်ငံရေးနှင့် စစ်ရေးအရ သွေးခွဲမှုများကို အနိုင်ယူရန် အထူးလိုအပ်သည့်အချိန်ဖြစ်ဟု KNPP သဝဏ်လွှာပို့

လူမှုရေး၊ နိုင်ငံရေးနှင့် စစ်ရေးအရ သွေးခွဲမှုများကို အနိုင်ယူရန် အထူးလိုအပ်သည့်အချိန်ဖြစ်ဟု KNPP သဝဏ်လွှာပို့
သြဂုတ် 9, 2023 | 2021 Military Coup| ကယား

လူမှုရေး၊ နိုင်ငံရေးနှင့် စစ်ရေးအရ သွေးခွဲမှုများကို အနိုင်ယူရန် အထူးလိုအပ်သည့်အချိန် ဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ (၇၅)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ကို ပေးပို့သည့် သဝဏ်လွှာတွင်ဖော်ပြထားသည်။

စစ်အာဏာရှင်များကို တိုက်ထုတ်ပြီး အာဏာရှင်စနစ်မှန်သမျှချုပ်ငြိမ်းရေး၊ ကရင်နီပြည်သူတစ်ရပ်လုံးလိုလားသော တန်းတူရေး၊ ဒီမိုကရေစီအရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိရေး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ပြန်လည်ထူထောင်ရေးတို့အတွက် ကရင်နီပြည်ရှိ အင်အားစု အလွှာအသီးသီးတို့အားလုံးမှ ဆက်လက်ပြီး တိုက်ပွဲဝင်ရန်လိုအပ်ကြောင်း သဝဏ်လွှာတွင်ပါရှိသည်။

ကရင်နီပြည်သူအပေါင်းတို့သည် အစဉ်အလာအရ မတရားမှုကို ငြိမ်ခံသူများ မဟုတ်ကြသည့်အလျောက် ၁၉၈၄ ခုနှစ်တွင် မြင်တွေ့ခဲ့ရသော ခုခံတော်လှန်ရေးစိတ်ဓာတ်ဖြင့် မြန်မာစစ်တပ်နှင့် စနစ်ဆိုးကို ဘက်ပေါင်းစုံမှ မရှိန်အဟုန်ဖြင့် တော်လှန်ကြသည်ကို ယခုကာလတွင် မြင်တွေ့နေရသည်ဟု ဆိုသည်။

စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်ဟူသမျှချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အမြန်ဆုံးတည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးနည်းဖြင့်လည်းကောင်း၊ ဘဝတူတိုင်းရင်းသားများနှင့် လက်တွဲပြီး ပါဝင်ခုခံတော်လှန်နေကြသဖြင့် နိုင်ငံရေးနှင့် စစ်ရေးအရ အောင်မြင်မှုများကို ဖော်ဆောင်နိုင်ကာ အများအတွက် သာဓကကောင်းဖြစ်စေသည်ဟုလည်း ပါရှိသည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှစတင်ကာ ကရင်နီပြည်သူ (၂)သိန်းကျော် စစ်ရှောင်နေကြရပြီး (၄၀၀)ကျော်မှာ စစ်ကောင်စီတပ်များ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ယနေ့အချိန်ထိ ကရင်နီပြည်နယ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေကာ ကရင်နီပြည်သူများအပေါ် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်နေမှုများကို ဆက်လက်ကျူးလွန်နေသည်ဟု သဝဏ်လွှာတွင်ပါရှိသည်။

#TachileikNewsAgency