ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သား ၂ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သား ၂ ဦးသေဆုံး ၂ ဦးဒဏ်ရာရ
ဇန်နဝါရီ 21, 2024 | 2021 Military Coup| အခြားဒေသများ

မ‌ကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် ယမန်နေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ အရပ်သား(၂)ဦး သေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့အရှေ့တောင်ဘက် ယန္တရားကုန်းမှ စစ်ကောင်စီတပ်သားများက (၁၂၀)မမ လက်နက်ကြီးများဖြင့် အနီးပတ်၀န်းကျင် ကျေးရွာများကို ပစ်ခတ်ခဲ့ရာ အနောက်ဂန့်ဂေါကျေးရွာနေ အမျိုးသမီးတစ်ဦး၊ ၎င်း၏သားဖြစ်သူ (၁၀)လသားအရွယ် ကလေးတစ်ဦးတို့ သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ထို့အပြင် အသက်(၆၀)အရွယ် အမျိုးသားတစ်ဦး၊ အသက်(၈၀)ကျော်အရွယ် အမျိုးသားတစ်ဦးတို့လည်း လက်နက်ကြီးအစများ ထိမှန်ပြီး မစိုးရိမ်ရဒဏ်ရာများရခဲ့ကြောင်း သိရသည်။ 

လက်နက်ကြီးကြောင့် ပျားကျေးရွာကို လက်နက်ကြီး(၄)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်များ ပျက်စီးသွားကြောင်း ဒေသတွင်း သတင်းများရေးသားသည့် ယောအလင်းတန်းကလည်း ဖော်ပြထားသည်။

#TachileikNewsAgency

Photo: ယောအလင်းတန်း