တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်တပ်က မူးယစ်ဆေး(၁၂)သန်းကျော်နှင့် ပတ်သက်ပြီး နေပြည်တော် ပြောင်းသွားသည့် ရဲအရာရှိများကိုပါ စစ်ဆေးနေ

တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်တပ်က မူးယစ်ဆေး(၁၂)သန်းကျော်နှင့် ပတ်သက်ပြီး နေပြည်တော် ပြောင်းသွားသည့် ရဲအရာရှိများကိုပါ စစ်ဆေးနေ

တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၁၂)သန်းကျော် ဖမ်းဆီးရမှုနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၀ ခုနှစ်မှစပြီး တာချီလိတ်၌ တာဝန်ထမ်းဆောင်သည့် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင် အားလုံးနီးပါးကို လိုင်းကြေးရယူမှုဟုဆိုကာ ခေါ်ယူစစ်ဆေးနေသည့်အတွက် စစ်တပ်က စစ်တပ်အလုပ် မလုပ်ဘဲ ရဲအလုပ်ဝင်ရှုပ်သည်ဟု ပြောဆိုသံများ ထွက်ပေါ်နေသလို အလားတူ ပါဝင်ပတ်သက်ဖွယ်ရှိသည့် စစ်တပ်နှင့်ဆက်စပ်သူများကိုမူ စစ်ဆေးခြင်းမရှိကြောင်း သိရသည်။

"မူးယစ်ဆေးမိတာကို ရဲတပ်ဖွဲ့က စစ်ရမှာ စစ်တပ်နဲ့ဘာဆိုင်လို့လဲ။ တာချီလိတ်က စစ်ခုံရုံးလိုမျိုး စစ်ဆေးဖို့ အမိန့်ကျထားတာလည်း မဟုတ်ဘူး။ ထစ်ကနဲရှိ တပ်က စစ်ကြောတယ်ဆိုတာက ငါတို့ လုပ်တိုင်းရတယ်ဆိုတဲ့သဘော သက်ရောက်နေတယ်။ ဘာပဲဖြစ်ဖြစ် ကင်းနိုင်သူရှိသလို မကင်းနိုင်သူလည်းရှိတာပဲ။ ရဲတစ်ဖွဲ့တည်းကိုပဲ လက်ညှိုးထိုးလို့မရဘူး။ တပ်ကရော စရဖ ကရော အဲဒီထဲက လူတွေ မကင်းနိုင်သူတွေ အများကြီးရှိတယ်။   ကြည့်လိုက်ရင် စစ်တပ်က သူတော်စင်လိုလိုနဲ့။ တပ်နယ်နဲ့စရဖက ဘူဘူချင်း တစ်လုပ်နေသလို ဖြစ်နေတယ်။ "ဟု အမည်မဖော်လိုသည့် ရဲအငြိမ်းစားတစ်ဦးက ဝေဖန်ထောက်ပြသည်။ 

တာချီလိတ်မြို့တွင် လက်ရှိ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးကိုပါ စစ်ကောင်စီတပ်က ခေါ်ဆောင်စစ်ဆေးထား၍ ၎င်း၏ နေရာတွင် မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှူးက လာရောက်ပြီး ဧပြီလ(၂၇)ရက်နေ့က စတင်ကာ တာဝန်များကို ယာယီရယူထမ်းဆောင်ထားရကြောင်းလည်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်ဝန်းကျင်ကစပြီး တာချီလိတ်ခရိုင်/မြို့နယ်တို့၏ ရဲတပ်ဖွဲ့မှူးများအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် လက်ရှိတွင် နေပြည်တော်သို့ ပြောင်းရွှေ့တာဝန်ကျနေသည့် ဒုတိယရဲမှူးကြီး ရဲနိုင်အောင်နှင့် ရဲမှူး ညီညီဌေးတို့လည်း နေပြည်တော်တွင် စစ်ဆေးခံရသည်ဟု ခိုင်မာသည့် သတင်းရင်းမြစ်ထံက သိရသည်။

"ဖေသက်ဟန်နဲ့အဖွဲ့ကို စစ်တပ်ရဲ့ စစ်ဆေးချက်အရ ထွက်လာသမျှထဲက ရဲကို စစ်တဲ့သဘော။ နေပြည်တော်ကို ပြောင်းသွားတဲ့ ခရိုင်မှူးနဲ့မြို့နယ်မှူး (၂)ယောက်လုံးကိုလည်း စစ်တယ်။ တာချီလိတ်မှာတော့ တော်တော်များများကို စစ်နေတာ ရဲတပ်ကြပ် နဲ့ ရပ်/ကျေးစာရေး အချို့တောင်ပါတယ်။ မူးယစ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တွေ  တော်တော်များများကရော ကျန်တဲ့ တပ်ဖွဲ့ဝင်တွေလည်း သူတို့အလှည့် ဘယ်တော့ ရောက်မလဲ ဆိုတာကို တွေးကြောက်နေရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ကြားရတယ်။ စစ်တပ်က ဖေသက်ဟန်တို့ကို စစ်ကြောရေးလုပ်တော့ စစ်တပ်က ဘယ်သူတွေ ပါ ပါတယ်လို့ ပြောထွက်ရဲမှာ မဟုတ်ဘူး။ စရဖ ဆိုလည်း လာသမျှ စရဖ ဗိုလ်ကြီးကို ငွေရှာပေးနေတဲ့ အမာခံ စရဖတပ်ဖွဲ့ရှိတယ်။ အဲ့လိုပဲ ခရိုင်ရဲမှာဆိုလည်း ငွေရှာပေးတဲ့ အဖွဲ့တွေရှိတယ်။ ဘယ်သူတွေက ဘာဆိုတာ သိနေကြမှာ  တပ်ဖွဲ့တိုင်းမှာ ငွေရှာ အမာခံတွေရှိတယ်။ "ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။



တာချီလိတ်မြို့တွင် လောင်းကစားလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးကိစ္စစသည့် တရားမဝင်လုပ်ငန်းပေါင်းစုံအပြင် KTV များအား အရပ်ခေါ် လိုင်းကြေးများကို ရဲတပ်ဖွဲ့က ဒိုင်ခံကောက်ပြီး တပ်၊ စရဖနှင့် အုပ်ချုပ်ရေးအဖွဲ့အပါအဝင် အခြားဌာနများကို ခွဲဝေပေးနေရသော်လည်း ရဲတပ်ဖွဲ့အမည်သာ ထွက်သည်ဟုလည်း ဆိုကြသည်။

"တာချီလိတ်မှာကတော့ လိုင်းကြေးကတော့ သိတဲ့အတိုင်းပဲ အာဏာရှိတဲ့ ဌာနတွေက ခွဲဝေရရှိနေတာပေါ့။ အဲဒီတော့ စစ်ဆေးမယ်ဆိုရင်တော့ အားလုံးကို မျှမျှတတဖြစ်အောင် စစ်ဆေးသင့်တယ်လေ။"ဟု ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ရဲတပ်ဖွဲ့ဝင်ဟောင်း ဖေသက်ဟန် အပါအဝင် အမျိုးသား(၁၀)ဦးအား ဖမ်းဆီးချိန်တွင် နေအိမ်အတွင်းမှ M16 သေနတ်နှင့် ပစ္စတို အပါအဝင် ကျည်ဆံအချို့၊ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၂)သန်းခွဲကျော်ကိုပါ သိမ်းဆည်းရမိခြင်းဖြစ်ပြီး ၎င်းတို့အား ရဲစခန်းသို့ မခေါ်ဆောင်သွားဘဲ အာဏာသိမ်းစစ်ကောင်စီတပ်၏ စရဖတပ်စခန်းကို ခေါ်ဆောင်သွားပြီးနောက် စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိမှုမှာ ဖေသက်ဟန်၏ လုပ်ဖော်ကိုင်ဖက်အချို့သည် အာဏာသိမ်း စစ်ကောင်စီတပ်ဖြစ်သည့် အမှတ်(၃၃၁)ခြေမြန်တပ်ရင်း၏ ဝင်ပေါက်အနီးရှိ ဟုန်ပန်းကွင်းဟု လူသိများသည့် "ဝ"အဖွဲ့၏ ပိုင်နက်အတွင်းဖွင့်လှစ်ထားသည့် 𝗛𝗮𝗿𝗿𝘆 𝗣𝗼𝘁𝘁𝗲𝗿 𝗞𝗧𝗩 တွင်  ပြဿနာဖြစ်ပွားရာမှ    "ဝ"အဖွဲ့၏ တိုက်တန်းမှုကြောင့် ၎င်း၏ နေအိမ်အား သွားရောက်ကာ စစ်ဆေးရာမှ မူးယစ်ဆေးဝါးများကို မထင်မှတ် တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ပုံမှန်တွင် အာဏာသိမ်းတပ်က မူးယစ်ဆေးဖမ်းဆီးရရှိမှုများရှိပါက ရဲတပ်ဖွဲ့ထံလွှဲပြောင်းအပ်နှံပြီး ရဲကစစ်ဆေး၊ တရားစွဲမှုများလုပ်ရခြင်းဖြစ်ပြီး  ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် စစ်တပ်မှအရာရှိကိုယ်တိုင် ပါဝင်ပတ်သက်သည့် မူးယစ်ဆေးသယ်ဆောင်မှုကို အရပ်သားအစိုးရလက်ထက်က တာချီလိတ်တွင် ဖမ်းဆီးရရှိခဲ့ဖူးသည်။

 

ဆက်စပ်သတင်း

တာချီလိတ်မြို့တွင် စိတ်ကြွဆေး (၁၂)သန်းကျော် ဖမ်းဆီးရရှိမှုနှင့် ပတ်သက်ပြီး တာချီလိတ်ရဲတပ်ဖွဲ့ အားလုံးနီးပါးကို စစ်တပ်က ဖမ်းဆီး ခေါ်ယူ စစ်ဆေးနေ

တာချီလိတ်မြို့တွင် စိတ်ကြွဆေး (၁၂)သန်းကျော် ဖမ်းမိမှုနှင့် ပတ်သက်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးကိုပါ စစ်တပ်က ဖမ်းဆီး စစ်ဆေးနေ၍ မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှူးက လာရောက်ပြီး ခေတ္တ တာဝန်ရယူ