အာဏာသိမ်း စစ်ခေါင်းဆောင်က ၂၀၂၃ တွင် ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းနေပြီး ပါတီအချို့က ၎င်းတို့နှင့် လာမတွေ့သေးဟုဆို

အာဏာသိမ်း စစ်ခေါင်းဆောင်က ၂၀၂၃ တွင် ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းနေပြီး ပါတီအချို့က ၎င်းတို့နှင့် လာမတွေ့သေးဟုဆို
ဒီဇင်ဘာ 24, 2021 | အခြားဒေသများ

ရွေးကောက်ပွဲမဲစာရင်းမှား၍ တစ်နှစ်အာဏာထိန်းမည်ဟုဆိုကာ အာဏာသိမ်းထားသည့်အဖွဲ့၏ ခေါင်းဆောင်က အာဏာသိမ်းပြီး (၁၀)လကျော်အကြာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၃)ရက်နေ့က ၎င်းတို့က ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းနေသော်လည်း ပါတီအချို့က ၎င်းတို့အား လာမတွေ့ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံတပ်နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် အာဏာသိမ်းစစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောသွားခြင်းဖြစ်သည်။  

ယင်းအပြင် ပြည်သူရွေးကောက်ထားသည့်လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် CRPH၊ NUG အစိုးရနှင့်  လူထု၏ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်မှုကို အာဏာသိမ်းအဖွဲ့က အကြမ်းဖက်သတ်ဖြတ်နှိမ်နှင်း၍ ထွက်ပေါ်လာသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တို့နှင့် တွေ့ဆုံဆွေးနွေးရန်မရှိဟု အစိုးရအဖွဲ့ကိုဖမ်းထားကာ ပြည်သူ့ဆန္ဒဆန့်ကျင်ပြီး အာဏာသိမ်းထားသည့်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူက ဆိုသည်။

အာဏာသိမ်းမှုကိုဆန့်ကျင်သည့်  (၈၀၀၀) ကျော်ကို ဖမ်းထားပြီး   ပြည်သူ  (၁၃၀၀) ကျော်ကို အကြမ်းဖက်နှိမ်နှင်းမှုအတွင်း သတ်ဖြတ်ထားသည့် အာဏာသိမ်းအဖွဲ့က ဥပဒေအထက်တွင် မည်သူမျှ ရှိ၍မရဟုလည်း အဆိုပါ အခမ်းအနားတွင် ထည့်သွင်းပြောသွားသည်ဟု သိရသည်။

COVID 19 ကာလအတွင်း အောင်မြင်စွာကျင်းပနိုင်ခဲ့သည့် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲရှုံးသွားသည့် USDP ပါတီနှင့် စစ်တပ်တို့က မဲစာရင်းရလဒ်ထွက်လာကတည်းက ၎င်းတို့ဘာသာစစ်သည့်စာရင်းများအရ မဲစာရင်းမှားပါသည်ဟု တောက်လျှောက်သတင်းစာရှင်းလင်းခဲ့ကြပြီးနောက် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်အင်အားဖြင့် နိုင်ငံ့အာဏာသိမ်းထားကြခြင်းဖြစ်သည်။