ဥယျာဥ်ရေမျက်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲ

ဥယျာဥ်ရေမျက်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲ

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ်ကြားရှိ ဥယျာဥ်ရေမျက်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့ နံနက်ပိုင်းတွင် တိုက်လေယာဥ် (၂)စီးဖြင့် ဗုံးကြဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။

အိမ်ခြေ(၂၅၀)ကျော်ခန့်ရှိသည့် ရေမျက်ကျေးရွာကို မြေပြင်စစ်ကြောင်းမရှိ၊ တိုက်ပွဲဖြစ်ပွားထားခြင်းလည်းမရှိဘဲ လေကြောင်းသုံး ဗုံးကြဲချပြီး စက်လက်နက်ကြီးတို့ဖြင့် ရွာဘေးပတ်ပတ်လည်ဝဲ၍ တရစပ်ပစ်ခတ်သွားသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ရေမျက်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် ကျေးရွာစာသင်ကျောင်းတို့ ထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟုလည်း ဒေသခံများက Tachileik News Agencyကိုပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရေမျက်ရွာ ဘုန်းကြီးကျောင်းအတွင်းရှိ ဘုရားဆင်းတုတော် (၅)ဆူအထက် ပြိုကျပျက်ဆီးခဲ့ရကြောင်း သိရသည်။

တိုက်လေယာဉ်မှ ကြဲချသည့် ဗုံး(၃)လုံးမှာ ဘုန်းကြီးကျောင်းအနီးတွင် (၁)လုံး၊ ရေမျက်ရွာအနီး အပြင်ဘက်တွင် (၁)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဓမ္မာရုံပေါ် ကျရောက်သည့်ဗုံးမှာ မပေါက်ကွဲခဲ့ဟုသိရသည်။

အဆိုပါ ရေမျက်ကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် အရပ်သား (၆)ဦးထက်မနည်း သေဆုံးခဲ့ကြရပြီး  စစ်ကောင်စီတပ်များ ဝင်ရောက်မီးရှို့သဖြင့် နေအိမ်ပေါင်း (၆၀)ကျော် မီးလောင်ဆုံးရှုံးခဲ့ရသေးသည်။

စစ်ကောင်စီတပ်က ယင်းသို့ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် အရပ်သားများ၏ နေအိမ်၊ ဘုန်ကြီးကျောင်းနှင့် အရပ်သားများ သေဆုံးပါက စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်များသည် PDFများ ရှိနေခြင်းကြောင့်ဟုဆိုကာ အခြေအမြစ်မရှိ စွပ်စွဲရေးသားကာ ဝါဒဖြန့်ခြင်းများ ပြုလုပ်ကြသည်။

#TachileikNewsAgency

Photo : Ko Platt