မင်းပြားမြို့ကို စစ်ကောင်စီတပ် လေကြောင်းမှဗုံးကြဲရာ အရပ်သား ၇ ဦးဒဏ်ရာရ

မင်းပြားမြို့ကို စစ်ကောင်စီတပ် လေကြောင်းမှဗုံးကြဲရာ အရပ်သား ၇ ဦးဒဏ်ရာရ

ရက္ခိုင့်တပ်တော် ထိန်းချုပ်ထားသည့် မင်းပြားမြို့ကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် မတ်လ (၁)ရက်နေ့ ညပိုင်းတွင် ပေါင်(၅၀၀)ဗုံး အပါအဝင် ဗုံး(၁၀)လုံးလာကြဲရာ အရပ်သား(၇)ဦး ဒဏ်ရာရပြီး နေအိမ်(၆)လုံးပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်၏ ဗုံးကြဲမှုကြောင့် မင်းပြားမြို့၊ ကင်းဆိပ်ရပ်ကွက်မှ မငြိမ်းအေးနိုင် (၁၇)နှစ်၊ ဒေါ်သန်းသန်းမော် (၃၅)နှစ်၊ ဒေါ်စောပွင့်(၆၉)နှစ်၊ ကံ့ကော်မြိုင်ရပ်ကွက်မှ ဦးကျော်သိန်းဦး (၃၃)နှစ်၊ ဦးညီညီ (၃၆)နှစ်၊ ဦးမဲချေ (၅၁)နှစ်နှင့် ဒေါ်မချေ(၅၇)နှစ်တို့ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိရသည်။ 

"သူတို့က နေ့လယ်ဆို မလာဘူး။ ညဆိုလာပစ်တယ်။ ခွေးကျင့် ခွေးကြံနဲ့။ (၄)ရက်ဆက်တိုက် ဗုံးလာကြဲတာ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဗုံးသီးတစ်လုံးမှာ ကင်းဆိပ်ရပ်ကွက်မှ ဒေါ်သန်းသန်းမော် နေအိမ်သို့ ကျရောက်ပေါက်ကွဲပြီး ဒေါ်သန်းသန်းမော်၏ ညာဖက်ခြေထောက် ပြတ်ထွက်သွားသည်ဟု သိရသည်။

"မငြိမ်းအေးနိုင်နဲ့ ဒေါ်စောပွင့်တို့ မြေးအဖွား နှစ်ယောက်လည်း ခန္ဓာကိုယ်မှာ ဒဏ်ရာတွေရသွားတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဗုံးတစ်လုံးမှာလည်း မင်းပြားကားဂိတ်ဟောင်းအတွင်းသို့ ကျရောက်ပေါက်ကွဲကာ ကံ့ကော်မြိုင်ရပ်ကွက်မှ ကားဂိတ်အဟောင်းသို့ စစ်ဘေးရှောင်နေသည့် ဦးမဲချေ၏ ဘယ်ဖက်မျက်လုံး ဆုံးရှုံးပြီး ဦးညီညီ၊ ဒေါ်မချေနှင့် ဦးကျော်သိန်းဦးတို့ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ(၂၇)နေ့ကစတင်ကာ မတ်လ(၁)ရက်နေ့ အထိ(၄)ရက်ဆက်တိုက် လေကြောင်းမှ မင်းပြားမြို့ အမ်းသားရွာ၊ သေကန်ရွာ၊ ကင်းဆိပ်ရပ်ကွက်တို့ကို ညတိုင်း လာရောက်ဗုံးကြဲနေခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency