သံတောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က အရပ်သား ၆ ဦးကိုဖမ်းထားပြီး ပိတ်ဆို့ရှာဖွေမှုများလုပ်နေ

သံတောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က အရပ်သား ၆ ဦးကိုဖမ်းထားပြီး ပိတ်ဆို့ရှာဖွေမှုများလုပ်နေ
By Tachileik News Agency

ကရင်ပြည်နယ်၊ သံတောင်မြို့ ( ၁၃ )မိုင်၊ ရပ်ကွက် ( ၁ )မှ လူလတ်ပိုင်းအမျိူးသား ( ၆ )ဦးကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ်၊ မေလ ( ၁၉ )ရက်နေ့၊ နံနက်ပိုင်းတွင် လက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ အဆိုပါရပ်ကွက်နေဒေသခံများဖြစ်ပြီး ဖမ်းဆီးခံရသည့်မကြောင်းရင်းကို မသိရသေးသော်လည်း မေလ( ၁၈ ) ရက်နေ့က တောင်ငူအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွား သည့် နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီတပ်သားများက ပိတ်ဆို့ရှာဖွေနေခြင်းဖြစ်ကြောင်း သိရသည်။

မနေ့ညကလည်း အချိန်မတော် ဒေမူးလော်ရပ်ကွက်မှာလည်း စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်မယ်ဆိုပြီး အိမ်ပေါ် တက်ရမ်းကားသွားတယ်။

ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို မေလ( ၁၉ )ရက်နေ့တွင်ပြောသည်။ 

စစ်ကောင်စီတပ်များက ရပ်ကွက်များအတွင်း ဝင်ရောက်ရှာဖွေရာတွင် အင်အားအများအပြားဖြင့် နေအိမ်များကို တံခါးဖျက်ဆီးခြင်း၊ ထရံများဖျက်ပြီး အိမ်ထဲဝင်စစ်ဆေးခြင်း၊ ဆဲဆိုခြင်းများလုပ်ဆောင်ကာ စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

ခပေါင်းတံတား၊ စစ်တောင်မြစ်တံတား၊ ( ၄ )မိုင်ဂိတ်‌ တွေပေါ့။ လူသွားလူလာများတဲ့နေရာတွေမှာ စစ်ကောင်စီတပ်က အရပ်‌ဝတ်တွေနဲ့ ရှာဖွေစစ်ဆေးနေတယ်။ ဆိုင်ကယ်မောင်းနေတဲ့ အမျိုးသားတွေကို ပိုစစ်တယ်။

ဟုလည်း ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

မေလ( ၁၈ )ရက်က တောင်ငူမြို့ရှိ တောင်ငူအကျဥ်းထောင် အထူးတရားရုံးသို့ ရုံးထုတ်လာသည့် နိုင်ငံ‌ရေးအကျဉ်းသား(၁၀)ဦးသည် စစ်ကောင်စီတပ်သားများထံမှ သေနတ်များလုကာ ပစ်ခတ်ပြီး ထွက်ပြေးလွတ်‌မြောက်သွားခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်မှ တပ်ကြပ်မောင်မျိုး သေဆုံးပြီး  စစ်မှုထမ်းဟောင်းဖြစ်သည့် တပ်ကြပ်ကြီး ကျော်မြင့်မှာ ဒဏ်ရာရရှိကာ ၎င်းတို့ထံမှ ကာဘိုင် ( ၁ )လက်နှင့် MA 11 ( ၁ )လက်တို့အပြင် ဒုရဲအုပ် အေးသော်ထံမှ ခြောက်လုံးပြူး သေ နတ်( ၁ )လက်နှင့် ရဲတပ်သား အောင်သူဝင်းထံမှ G- 3 ( ၁ ) လက်တို့ ပါသွားသည်ဟု သိရသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားများမှာ ပုဒ်မ ၄၉ (က)/ ၅၀ (က)/ ၅၀ (ည)/ ၅၁ (ဂ)/ ၅၂ (က) စသည့် အကြမ်းဖက်ပုဒ်မများဖြင့် မတရားဖမ်းဆီးခံထားရသူများဖြစ်သည်ဟု သိရသည်။