ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ
အောက်တိုဘာ 5, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တောင်ခြမ်းတွင် (၁၀)ရက်ကြာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့တွင် တိုက်ပွဲဖြစ်ကာ PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် ငှက်ပျောတိုင်းရွာသစ်အထိုင်မှ ခွဲထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ ရွေ့လျားပူးပေါင်းစစ်ကြောင်းနှင့်  ဒေသခံပြည်သူ့ကာကွယ် ရေးအဖွဲ့တို့ ကျေးပင်အက်ရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

၎င်းစစ်ကောင်စီတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းသည် ယနေ့ ညပိုင်းတွင် ကျေးပင်အက်ရွာအနီး၌ စခန်းချနားနေခြင်း‌ကြောင့်  ငှက်ပျောတိုင်းရွာသစ်၊ ကျေးပင်အက်၊ အင်းလယ်ကြီး၊ သရက်တာနှင့် အင်္ဂါဒေါင့်ရွာများမှ  ဒေသခံပြည်သူများ စစ်ဘေးရှောင်နေရသည်ဟု သိရသည်။ 

အဆိုပါစစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအင်အား (၂၀၀)ကျော်သည် ကန့်ဘလူမြို့နယ် တောင်ခြမ်းအား ပြီးခဲ့သည့် စက်တင်ဘာလ (၂၅)ရက်နေ့မှ စတင်ကာ ကန့်ဘလူမြို့နယ် တောင်ခြမ်း မြစ်ကြီးနား–ရွှေဘို မဟာဗျူဟာလမ်းပိုင်းအနီး ကျေးရွာများကို စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး စက်တင်ဘာလ (၂၈)ရက်နေ့တွင် သီရိမွန်ကျေးရွာမှ နေအိမ်(၃)လုံးအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။ 

စက်တင်ဘာလ (၂၉)ရက်နေ့မှစတင်ကာ မြစ်ကြီးနား–ရွှေဘို မဟာဗျူဟာလမ်းပိုင်းရှိ ငှက်ပျောတိုင်းရွာသစ်တွင် ၎င်းစစ်ကောင်စီတပ်သည် အထိုင်ချတပ်စွဲနေကာ ကျေးရွာအတွင်းရှိ ရိက္ခာများ၊ အသုံးအဆောင်ပစ္စည်းများအား ယူဆောင်သွားသည်ဟု Infinity Groupထံမှ သိရသည်။

#TachileikNewsAgency