ကာကွယ်ဆေးထိုးထားပြီးသည့် ခရိုင်ထွေအုပ်ဝန်ထမ်းများထဲ နောက်ထပ် (၃)ဦးတွင် COVID 19 ပိုးတွေ့

ကာကွယ်ဆေးထိုးထားပြီးသည့် ခရိုင်ထွေအုပ်ဝန်ထမ်းများထဲ နောက်ထပ် (၃)ဦးတွင် COVID 19 ပိုးတွေ့

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့က COVID 19 သံသယရှိသူများအား စစ်ဆေးရာ ကာကွယ်ဆေးထိုးပြီးသည့် ခရိုင်ထွေအုပ်ဝန်ထမ်း (၃) ဦးအပါအဝင် (၁၃) ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း သိရသည်။

ဝန်ထမ်းများအားလုံး COVID 19 ကာကွယ်ဆေးထိုးထားပြီး ရုံးတက်နေကြသည့် ကျောက်မဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမျိုးသမီးဝန်ထမ်း (၁) ဦးတွင် COVID 19 ကူးစက်နေသည်ကို ဇွန်လ (၂၈) ရက်နေ့တွင် တွေ့ရပြီးနောက် ဇွန်လ (၂၉) ရက်နေ့တွင် အဆိုပါရုံးမှ အမျိုးသားဝန်ထမ်း (၂)ဦးနှင့် အမျိုးသမီး ဝန်ထမ်း (၁) ဦးတို့တွင် COVID 19 ထပ်မံတွေ့ရခြင်းဖြစ်သည်။

ယင်းအပြင် ယမန်နေ့ကတွေ့ရသည့် ထွေအုပ်ဝန်ထမ်းအတည်ပြုလူနာနှင့် ထိစပ်သူများအပါအဝင် အနံ့ပျောက်၍ သွားရောက်စစ်ဆေးသူများမှ (၁၀) ဦးတွင်လည်း COVID 19 တွေ့ရသဖြင့် ကျောက်မဲမြို့တွင် ယနေ့တစ်နေ့တာအတွင်း အတည်ပြုလူနာ (၁၃) ဦးတွေ့ရခြင်းဖြစ်သည်။

COVID 19 အတည်ပြုလူနာနေထိုင်ရာနေအိမ်မှ မိသားစုများကို အသွားအလာကန့်သတ်ထားသော်လည်း အချို့က လိုက်နာခြင်းမရှိဘဲ ပုံမှန်အတိုင်း သွားလာနေသူများလည်းရှိနေသည်ကို တွေ့ရသည်ဟု ဒေသခံများက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာတွင်လည်း ယနေ့အထိ အတည်ပြုလူနာ (၂၂) ဦးတွေ့ထားရာ ကျောက်မဲမြို့နယ်အတွင်း ဇွန်လ (၂၉) ရက်နေ့အထိ အတည်ပြုလူနာစုစုပေါင်း (၄၁) ဦးတွေ့ထားပြီဖြစ်သည်။