လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများအရ တရုတ်နိုင်ငံအတွင်း Covid-19 ကြောင့် ၂၀၂၃ ခုနှစ်အထိ လူ (၁) သန်းကျော် သေဆုံးနိုင်ကြောင်း အမေရိကန်သုတေသနအဖွဲ့ ခန့်မှန်း

Photo: REUTERS/Alessandro Diviggiano
Photo: REUTERS/Alessandro Diviggiano
လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများအရ တရုတ်နိုင်ငံအတွင်း Covid-19 ကြောင့် ၂၀၂၃ ခုနှစ်အထိ လူ (၁) သန်းကျော် သေဆုံးနိုင်ကြောင်း အမေရိကန်သုတေသနအဖွဲ့ ခန့်မှန်း
By Mr John

တရုတ်နိုင်ငံ၏ တင်းကျပ်သော COVID-19 စည်းမျဥ်းကန့်သတ်ချက်များကို ရုတ်တရက် ဖြေလျှော့လိုက်ခြင်းက ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်လာနိုင်ပြီး ၂၀၂၃ ခုနှစ်အထိ လူ (၁) သန်းကျော် သေဆုံးနိုင်ကြောင်း အမေရိကန်အခြေစိုက် Institute of Health Metrics and Evaluation (IHME) က အသစ်ခန့်မှန်းအရ သိရှိရသည်။

IHME ၏ ခန့်မှန်းချက်များအရ တရုတ်တွင် ၂၀၂၃ ခုနှစ် ဧပြီလ (၁) ရက် ဝန်းကျင်၌ ကူးစက်မှု အထွတ်အထိပ်ရောက်မည်ဖြစ်ပြီး သေဆုံးသူ (၃၂၂,၀၀၀) ရှိလာမည်ဟု ဆိုသည်။ 

ထိုအချိန်တွင် တရုတ်လူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ COVID-19 ကူးစက်ခံထားရမည်ဟု IHME ညွှန်ကြားရေးမှူး ခရစ္စတိုဖာမာရေးက ပြောသည်။ 

တရုတ်နိုင်ငံ၏ ကျန်းမာရေးအာဏာပိုင်များကမူ စည်းမျဥ်းကန့်သတ်ချက်များ ဖြေလျှော့လိုက်ပြီးနောက်ပိုင်း COVID-19 ကြောင့် သေဆုံးမှုရှိခဲ့သည်ဟု တရားဝင် ထုတ်ပြန်မထားပေ။ 

တရုတ်က COVID-19 ကြောင့် သေဆုံးမှုကို ဒီဇင်ဘာလ (၃) ရက်နေ့တွင် နောက်ဆုံးအကြိမ် တရားဝင် ထုတ်ပြန်ခဲ့သည်။

ယခုအချိန်အထိ တရုတ်အစိုးရက တရားဝင် ထုတ်ပြန်ထားသည့် COVID-19 ကြောင့် သေဆုံးသူအရေအတွက်မှာ (၅,၂၃၅) ဦး ဖြစ်သည်။ 

COVID-19 တိုက်ဖျက်ရေး ကမ္ဘာ့အတင်းကျပ်ဆုံး စည်းမျဥ်းကန့်သတ်ချက်များကို တရုတ်ပြည်သူများက အကြီးအကျယ် ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ပြီးနောက် အာဏာပိုင်များက ကန့်သတ်ချက်အချို့ ရုတ်ချည်း ဖြေလျှော့ပေးလိုက်သည်။

ယခုအခါ တရုတ်တွင် COVID-19 ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်နေပြီး လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ကျရောက်မည့် တရုတ်နှစ်သစ်ကူး (Lunar New Year) အားလပ်ရက်များအတွင်း နိုင်ငံ၏ လူဦးရေ (၁.၄) ဘီလီယံကို ကူးစက်သွားနိုင်ကြောင်း စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။ 

တရုတ်အစိုးရ၏ "zero-COVID" မူဝါဒက အစောပိုင်း ဗိုင်းရပ်စ်များကို ထိန်းချုပ်နိုင်ခဲ့ဖွယ်ရှိသော်လည်း အလွန်ကူးစက်မြန်သော အိုမီခရွန်မျိုးကွဲများကိုမူ ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ကြောင်း IHME ညွှန်ကြားရေးမှူး ခရစ္စတိုဖာက ပြောသည်။

ထိုအတောအတွင်း COVID-19 ကူးစက်မှုများ မြင့်တက်နေသည့် လူဦးရေ (၂၂) သန်းရှိသော တရုတ်နိုင်ငံ၏မြို့တော် ဘေဂျင်းမြို့တွင် နာရေးစီစဥ်သည့် ဌာနများ၌ ဝန်ထမ်းများနှင့် ယာဥ်မောင်းများ ကူးစက်ခံရပြီး ဖျားနာနေမှုကြောင့် ဒီဇင်ဘာလ (၁၇) ရက်နေ့က နာရေးကိစ္စများကို စီစဥ်ဆောင်ရွက်ရန် ရုန်းကန်ကြိုးပမ်းနေရသည်ဟု ဆိုသည်။ 

တရုတ်စီးပွားရေးမြို့တော် ရှန်ဟိုင်းမြို့တွင်လည်း ပညာရေးဌာနက မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း အများစုကို လာမည့် ဒီဇင်ဘာလ (၁၉) ရက်မှစပြီး အွန်လိုင်းစနစ်ဖြင့် ပြောင်းလဲသင်ကြားရန် ညွှန်ကြားထားကြောင်း သိရသည်။

Source: Reuters