အသက် (၈၉)နှစ်အရွယ် အမျိုးသားတစ်ဦး Covid-19 ကာကွယ်ဆေး Sinopharm ထိုးနှံပြီး သေဆုံး

အသက် (၈၉)နှစ်အရွယ် အမျိုးသားတစ်ဦး Covid-19 ကာကွယ်ဆေး Sinopharm ထိုးနှံပြီး သေဆုံး
သြဂုတ် 13, 2021 | Covid-19

ရန်ကုန်မြို့တွင် အသက် (၈၉ ) နှစ်အရွယ် အမျိုးသားတစ်ဦးသည် တရုတ်COVID 19 ကာကွယ်ဆေး Sinopharm ထိုးနှံပြီး ရက်အနည်းငယ်အကြာတွင် သေဆုံးသွားကြောင်း ၎င်း၏မိသားစုထံမှ သိရသည်။

အဆိုပါ အငြိမ်းစားဝန်ထမ်းအမျိုးသားမှာ ကျန်းမာရေးကောင်းမွန်သူတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂) ရက်နေ့တွင် ရန်ကုန်မြို့ အလုံမြို့နယ်၌ ကာကွယ်ဆေးထိုးနှံခဲ့ပြီးနောက် စတင်၍ အသက်ရှုကြပ်၍ နေမကောင်းဖြစ်လာခဲ့ကာ ဩဂုတ်လ (၁၃)ရက်နေ့တွင် ဆုံးပါးသွားခြင်းဖြစ်ကြောင်း သိရသည်။



ကာကွယ်ဆေးထိုးသည့် အမျိုးသားမှာ ပုံမှန်ကျန်းမာစွာသွားလာနေနိုင်သူဖြစ်၍ ဆေးမထိုးမီ ဆေးစစ်ခြင်းမပြုလုပ်ခဲ့ကြောင်းနှင့် အသက်အရွယ်ကြီးသူများ ကာကွယ်ဆေးထိုးလျှင် လိုအပ်သည်များ စိစစ်ခြင်းကိုလုပ်ဆောင်ကြရန် ကျန်ရစ်သူမိသားစုက လူမှုကွန်ယက်မှတစ်ဆင့် သတိပေး မျှဝေထားသည်ကို တွေ့ရသည်။



ကာကွယ်ဆေးထိုးပြီးသူ သေဆုံးရခြင်း အကြောင်းရင်းနှင့်ပတ်သက်၍ သတင်းဌာနအနေဖြင့် အတည်ပြုမေးမြန်းနိုင်ခြင်း မရှိပါ။



လက်ရှိထိုးနှံပေးနေသည့် တရုတ် COVID 19 ကာကွယ်ဆေး Sinopharm ကို WHO က ၂၀၂၁ ခုနှစ်၊ မေလအတွင်းက အရေးပေါ်အသုံးပြုနိုင်သည့်ကာကွယ်ဆေးအဖြစ် အသိအမှတ်ပြုထားပြီး အသက် ၁၈ နှစ်မှ အသက် ၆၀ ကြားထိုးနှံနိုင်သည်ဟု ဖေါ်ပြထားခြင်းဖြစ်သည်။



Sinopharm ကို အသက် (၆၀)နှစ်အထက်အား ဘေးကင်းစွာထိုးနှံနိုင်ခြင်းရှိ၊ မရှိနှင့်ပတ်သက်၍ လုံလောက်သည့်စမ်းသပ်မှုရလဒ်မရှိသေးသဖြင့် အကယ်၍ အသက် (၆၀)နှစ်နှင့်အထက်ကို ထိုးနှံပေးသည့် နိုင်ငံများအနေဖြင့် ကာကွယ်ဆေးထိုးပြီးသူ၏ ဘေးကင်းမှုကို စောင့်ကြည့်ပေးသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် WHO က ပြောထားခြင်းဖြစ်သည်။



အာဏာသိမ်းစစ်ကောင်စီ၏ COVID 19 ကာကွယ်ဆေးထိုးအစီအစဉ်တွင် တရုတ်ကာကွယ်ဆေး Sinopharm ကို ဦးစားပေးအုပ်စု (၁၃)ခုခွဲ၍ထိုးနှံပေးနေရာတွင် အသက် (၆၅)နှစ်နှင့်အထက်အုပ်စုကိုပါ ထည့်သွင်းထိုးနှံပေးနေခြင်းဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီ၏ ကျန်းမာရေးဌာနကမူ အဆိုပါအုပ်စုအတွက် ဘေးကင်းသည်ဟု ဆိုထားသည်ကို တွေ့ရသည်။



မြန်မာနိုင်ငံတွင် COVID 19 ကာကွယ်ဆေးထိုးရန် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့က အစိုးရနှင့်ပြည်သူ ပူးပေါင်းထူထောင်ထားသည့် ကာကွယ်ဆေးရန်ပုံငွေဖြင့် အာဏာသိမ်းအဖွဲ့က တရုတ်မှ ကာကွယ်ဆေးများဖြစ်သည့် Sinopharm နှင့် Sinovac များကို ဝယ်ယူထားခြင်းဖြစ်သည်။