မြိုင်တွင် မိုင်းခွဲခံရသဖြင့် နေအိမ်အလုံး ၄၀ ကျော်ကို စစ်ကောင်စီတပ် မီးရှို့

မကွေးတိုင်း မြိုင်မြို့နယ်တွင် ပေပါမိုင်းမိကာ အထိနာသည့် စစ်ကောင်စီတပ်သည် နှမ်းဆီကန်ကျေးရွာရှိ နေအိမ်(၄၀)ကျော်ကို ယနေ့ ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် မီးရှို့ဖျက်ဆီးသွားကြောင်း မြိုင်မြို့နယ် ပကဖ ထံမှ သိရသည်။

ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့က တွင်းမရွာ ပျူစောထီးစခန်းမှထွက်လာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ပေပါမိုင်းဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ အထိနာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည် ပြီးခဲ့သည့် ရက်ပိုင်းကလည်း မြိုင်မြို့နယ် သာစည်ကျေးရွာရှိ နေအိမ်(၅၂)လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

မြိုင်ပကဖ၏ မိုင်းဖြင့်တိုက်ခိုက်မှု၊ ဒရုန်းဖြင့်တိုက်ခိုက်မှု၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်မှုတို့ကြောင့် အထိနာသည့် စစ်ကောင်စီတပ်သည် နှမ်းဆီကန်ကျေးရွာမှ ရှေ့ဆက်မတက်နိုင်ဘဲ တွင်းမရွာ ပျူစောထီးစခန်းသို့ ပြန်ဝင်သွားသည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီတပ် ထောက်ပို့စစ်ကြောင်းသည် အရပ်သားများအား ဖမ်းဆီး၍ လူသားဒိုင်းအဖြစ်ခေါ်ယူခြင်း၊ ရွာများအတွင်းမှ တန်ဖိုးရှိပစ္စည်းများယူဆောင်ခြင်း၊ လေကြောင်းမှ ပစ်ခတ်ခြင်းများကြောင့် ပြည်သူများ ဂရုပြုနေထိုင်ကြရန် မြိုင်ပကဖက တိုက်တွန်းထားသည်။

#TachileikNewsAgency

Video : မြိုင်-ပကဖ