မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်

မကွေးတိုင်း မြိုင်မြို့နယ်တွင်   စစ်ကောင်စီတပ်ဖွဲ့ကို  မြိုင်မြို့နယ်ပကဖနှင့် ဒေသကာကွယ်ရေးတပ်တို့ ပူးပေါင်းပြီး (၃)ကြိမ်တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင် - ပကဖ)က သတင်းထုတ်ပြန်ထားသည်။

၂၀၂၃ခုနှစ် စက်တင်ဘာလ(၂၈)ရက်နေ့၏ နံနက်ပိုင်းက မြိုင်မြို့အနောက်ဘက် လုံခြုံရေးလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဒရုန်းဖြင့် ထောက်လှမ်းစဉ် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင် - ပကဖ)က ဒုန်းအားပစ်ချခဲ့ရာ မြိုင်အနောက်ဘက် သင်္ချိုင်းအနီးသို့ ပျက်ကျသွားကြောင်း သိရသည်။

၎င်းဒရုန်းအား မြိုင်ပကဖ က လိုက်လံရှာဖွေစဉ် စစ်ကောင်စီတပ်ဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိကာ မြိုင်ပကဖမှ ရဲဘော်နှစ်ဦး မိုင်းမတော်တဆမှုကြောင့် မစိုးရိမ်ရဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

နံနက်ပိုင်းတွင်ပင် ပခုက္ကူဘက်မှဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့၏ ခြေလျင်စစ်ကြောင်းအား မြိုင်မြို့နယ် ညောင်တွင်းအရှေ့ရွာအရောက်တွင် ဒေသကာကွယ်ရေးအဖွဲများက ဒရုန်းများဖြင့် ဗုံးသီး(၄၅) လုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ညနေပိုင်းတွင် ပခုက္ကူတပ်မ (၁၀၁)မှထွက်လာသော စစ်ကောင်စီတပ်ဖွဲ့၏ အစီး(၇၀)ကျော်ပါ ယာဉ်တန်းအား ပခုက္ကူ-ကမ္မလမ်းပိုင်းတစ်နေရာတွင် မြိုင်ပကဖ နှင့် Black Cobra PKU တပ်ဖွဲ့တို့ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တစ်စီး ရပ်တန့်သွားပြီးနောက် လမ်းဘေးဝဲယာအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ပခုက္ကူ-ကမ္မကြားလမ်းရှိ ကျေးရွာများမှ ဒေသခံများ  ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရသည်ဟု သိရသည်။ 

မြိုင်မြို့နယ်နှင့် ထိစပ်မြို့နယ်များရှိ ပြည်သူများအနေဖြင့် စစ်ကြောင်းများ ဝင်ရောက်နေမှု များပြားသောကြောင့် အချိန်မရွေး တိုက်ပွဲကြီးငယ်ဖြစ်ပွားလာနိုင်သဖြင့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသတင်းကို နားစွင့်ပေးကြရန် ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်တွန်းထားသည်။

#TachileikNewsAgency

Video: မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင် - ပကဖ)