ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသောနေရာများအား တော်လှန်ရေးတပ်များဝင်တိုက်ရာ စစ်ကောင်စီတပ်သားများ သင်္ကန်းခြုံကာပြန်ပစ်

မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့်နေရာအား တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က သင်္ကန်းခြုံ၍ သံဃာတော်များအား အကာအကွယ်ယူကာ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း Myingyan Black Tiger တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ၂၀၂၄ ခုနှစ် မတ်လ(၂၃)ရက်နေ့က ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသော ကပ်ကျော်(ဘုန်းကြီးကျောင်း)၊ ရုံးပေါင်းစုံ(ထွေအုပ်ရုံး)၊ ငြိမ်းဇာနည်တပ်စခန်း (စစ်မှုထမ်းဟောင်းရုံး)နှင့် ဆေးရုံတို့အား တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မဟာမိတ်တပ်ဖွဲ့များမှ အဓိကဦးစားပေးတိုက်ခိုက်သည့် ကပ်ကျော်(ဘုန်းကြီးကျောင်း)ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲသည့်နေရာနှစ်ခုအား အပြီးသတ် ဖြိုဖျက်နိုင်ခဲ့ပြီး လက်နက်ကောက်ယူရန် ကြိုးစားစဉ် စစ်ကောင်စီတပ်သား(၃)ဦးက သင်္ကန်းခြုံကာ ပစ်ခတ်ခုခံတိုက်ခိုက်သည်ဟု ဆိုသည်။

ပြန်လည်ပစ်ခတ်ခြင်းကြောင့် ညီနောင်မဟာမိတ်တပ်ဖွဲ့ဘက်မှ ရဲဘော်(၃)ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က (၇)ဦး သေဆုံးသည်ဟု ထုတ်ပြန်ထားသည်။

တော်လှန်ရေးတပ်များဘက်က လက်နက်ခဲယမ်းနည်းပါးခြင်းနှင့် စစ်ကောင်စီတပ်က သံဃာတော်များအား အကာအကွယ်ယူ တိုက်ခိုက်ခြင်းတို့ကြောင့် လက်နက် ကောက်ယူနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာလာခဲ့ရသည်ဟု သိရသည်။

တိုက်ခိုက်မှုကို Myingyan Black Tiger(MBT)မြင်းခြံခရိုင် အမှတ် (၉)တပ်ရင်း၊ Popa Guerilla Force(PPGF)၊ ညောင်ဦးခရိုင် တပ်ရင်း (၁)၊ တပ်ခွဲ(၁)၊ အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျောက်ပန်းတောင်း)၊ ညောင်ဦးခရိုင် ရင်း(၁)ဒရုန်းတပ်ဖွဲ့၊ AMA People Defense Force၊ ဒေါင်းစစ်သည် မြောင်ပြောက်ကျားတပ်ဖွဲ့၊ YSO TPG ပြောက်ကျားတပ်ဖွဲ့နှင့် Myingyan District Drone Strike အမှတ် (၁၈၄၈) ဒရုန်းတပ်ဖွဲ့ Shar Htoo Waw နည်းပညာတပ်ဖွဲ့ (Team -2)နှင့် သွေးသောက်တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : Myingyan Black Tiger (MBT)