ပခုက္ကူမြို့နယ် တပ်မ(၁၀၁)မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတချို့ ထွက်ပြေး အလင်းဝင်လာ

မကွေးတိုင်း ပခုက္ကူမြို့နယ် တပ်မ(၁၀၁)မှ ထွက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းမှာ လမ်းတလျောက်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတချို့ ထွက်ပြေးကာ တော်လှန်ရေးတပ်ဖွဲ့ထံ ခိုလှုံရောက်ရှိလာကြောင်း သိရသည်။

ယနေ့ ၂၀၂၄ ခုနှစ် ဧပြီလ (၅)ရက်နေ့ ညနေပိုင်းတွင် ပခုက္ကူမြို့ တပ်မ(၁၀၁)မှ ထွက်ခွာလာသော စစ်ကောင်စီတပ်၏ ရိက္ခာသယ်ယာဉ်များပါသည့် ယာဉ်အစီး(၁၂၀)ကျော်ကို တော်လှန်ရေးတပ်များက ဖြတ်တောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

တော်လှန်ရေးတပ်များက မိုင်းခွဲတိုက်ခိုက်ခြင်း၊ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများပြုလုပ်ခြင်းတို့ကြောင့် စစ်ကောင်စီတပ်ယာဉ်တန်းမှ ချောဆွဲလာသည့် ပြည်သူပိုင်ကားများအား မီးရှို့ကာ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားကြသည်ဟု ဆိုသည်။

အဆိုပါစစ်ကောင်စီတပ်သားများအနက် စစ်ကောင်စီတပ်သားတချို့ထွက်ပြေးခြင်း၊ တော်လှန်ရေးတပ်များထံ ခိုလှုံလာခြင်းများရှိသည်ဟု ဆိုသည်။

"ဖော်ပြရန်မသင့်သေးသည့် အချိန်ဖြစ်နေ၍ လက်နက်နှင့် လူပုဂ္ဂိုလ် ပြသခြင်းမရှိဘဲ လျှို့ဝှက်စွာ ထိန်ချန်ထားရှိခဲ့ပါသည်။"ဟု မြိုင်ပကဖက ထုတ်ပြန်သည်။

ထို့အပြင် ယနေ့ ညနေပိုင်းတွင်လည်း ပေါက်မြို့နယ် ရေပြာကျေးရွာ ရေပြာရဲစခန်းသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်သားအင်အား (၂၀၀)ကျော်ဝန်းကျင်သည် ပေါက်မြို့နယ် ကုက္ကိုစုပျူရွာသို့ ရိက္ခာယာဥ်တန်းဖြင့်ထွက်လာရာ တော်လှန်ရေးတပ်များက ပေပါပဒေသာမိုင်း(၃)လုံးဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရှေ့ပြေးပွိုင့်အဖြစ် ထွက်ခွာလာသော စစ်ကောင်စီတပ်သားများကို မိုင်းခွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းတို့ကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိသည်ဟု ဆိုသည်။

တိုက်ခိုက်မှုကို မြိုင်ပကဖ ရင်း(၁)၊ ပေါက်ပကဖနှင့် ဗိုလ်လရောင်အဖွဲ့များ၊ ဗိုလ်ရိုးမအဖွဲ့များ၊ ပခုက္ကူခရိုင် ရင်း(၁၆)၊ ခွဲ(၂)၊ (FRG)တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : မြိုင်-ပကဖ