ရွာငံမြို့နယ် ရေပြာအိုင်အဝင်လမ်းအား ကျောက်ကတ္တရာလမ်းသစ်အဖြစ် ကျပ်သန်းပေါင်း (၁၈၅)သန်းကျော် အကုန်အကျခံကာ ဆောက်လုပ်လှူဒါန်း

ရွာငံမြို့နယ် ရေပြာအိုင်အဝင်လမ်းအား ကျောက်ကတ္တရာလမ်းသစ်အဖြစ် ကျပ်သန်းပေါင်း (၁၈၅)သန်းကျော် အကုန်အကျခံကာ ဆောက်လုပ်လှူဒါန်း
နိုဝင်ဘာ 29, 2019
By Tachileik News Agency
ရွာငံမြို့နယ် ရေပြာအိုင်အဝင်လမ်းအား ကျောက်ကတ္တရာလမ်းသစ်အဖြစ် ကျပ်သန်းပေါင်း (၁၈၅)သန်းကျော် အကုန်အကျခံကာ ဆောက်လုပ်လှူဒါန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း - ရွာငံသွား လမ်းမကြီးဘေး ရေပြာအိုင်သို့သွားရာ အဝင်လမ်းကို ကျောက်ကတ္တရာလမ်းအဖြစ် Robust Goal Group of Compaines ( High Land Road Construction Co.,Ltd)က ဆောက်လုပ်လှူဒါန်း ပြီးစီးခဲ့သဖြင့် ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ (၂၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ၊  ပြည်နယ်  လုံခြုံရေးနှင့်နယ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း ၊  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်သက် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စစ်ဖက်၊ နယ်ဖက်မှ အရာရှိကြီးများ၊ Robust Goal Group of Compaines ( High Land Road Construction Co.,Ltd)မှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

"အရင်ကျောက်ကြမ်းလမ်းကနေ ကျောက်ချောကတ္တရာ လမ်းခင်းပေးတာ။ ဘေးနှစ်ဖက်မှာ ရေမြောင်းတွေတူးပေးထားတယ်။ အရိပ်ရနဲ့ အလှပန်းပင်တွေလည်း စိုက်ပေးထားတယ်။ လိုအပ်တဲ့ ပြွန်တွေ တံတားတွေ (၅) ခုကိုလည်း အသစ်ထပ်ထည့်ပေးထားတယ်"ဟု  Robust Goal Group of Compaines ( High Land Road Construction Co.,Ltd)မှ ဒါရိုက်တာ ဦးထွန်းထွန်းလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ရေပြာအိုင်သို့သွားရာ အဝင်လမ်း (၁) မိုင် (၁) ဖာလုံအရှည်ကို ယခင်က (၁၂) ပေအကျယ် ကျောက်ကြမ်းလမ်းမှ အကျယ် (၁၆) ပေ ကျောက်ကတ္တလမ်းကို လမ်းပုခုံးသား တစ်ဘက် (၃) ပေဖြင့်  Robust Goal Group of Compaines ( High Land Road Construction Co.,Ltd)က ကျပ်သန်းပေါင်း (၁၈၅.၈)သန်း အကုန်အကျခံကာ ၂၀၁၉ ခုနှစ် ဇွန်လ (၃)ရက်နေ့က စတင်ခင်းကျင်းလှူဒါန်းခဲ့ခြင်းဖြစ်သည်။

Robust Goal Group of Compaines ( High Land Road Construction Co.,Ltd)အနေဖြင့် ၂၀၁၈ ခုနှစ်တွင် တောင်ကြီးမြို့ ဆူဠာမုနိစတီတော်ရင်ပြင်တော် အတက်အဆင်းလမ်းနှင့် ကားပါကင်ဧရိယာနိုင်လွန်ကတ္တရာခင်းခြင်းကို ကျပ်သိန်း (၁,၆၀၀) ကျော် အကုန်အကျခံ တည်ဆောက်မှု အပါအဝင် စာသင်ကျောင်းများနှင့် ပရဟိတကျောင်းများတွင် ကျပ်သိန်း (၂,၀၀၀) နီးပါး အသုံးပြုလှူဒါန်းခဲ့ကြောင်း နှင့် ၂၀၁၉ ခုနှစ်တွင် ရေပြာအိုင်အဝင်လမ်းခင်းခြင်း အပါအဝင် အခြားလှူဒါန်းမှုများအတွက် ကျပ်သိန်း (၃,၀၀၀)သတ်မှတ်လျာထားကြောင်း သိရသည်။

 

မိတ္ထီလာ - ကလော - တောင်ကြီး လမ်းပိုင်းအား (၄၈)ပေအကျယ်အဖြစ် B.O.T စနစ်ဖြင့် Robust Goal Group of Compaines ( High Land Road Construction Co.,Ltd)က ဖောက်လုပ်နေလျက်ရှိရာ ကလော - တောင်ကြီးလမ်းပိုင်းအား ပြီးသွားပြီဖြစ်ပြီး နမ့်ပန်တက် နှင့် ကလော လမ်းပိုင်းအကြားတွင် ကျန်ရှိနေသည်များကို ဆက်လက် လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ဝင်းမင်းဌေး 




~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~