ရထား  မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ဂီတ နှင့် ဟာသ အစည်းအရုံးတို့က PDF များကို အကြမ်းဖက်များဟု သုံးနှုန်းကာ ပြစ်တင်ရှုတ်ချ

ရထား  မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ဂီတ နှင့် ဟာသ အစည်းအရုံးတို့က PDF များကို အကြမ်းဖက်များဟု သုံးနှုန်းကာ ပြစ်တင်ရှုတ်ချ
မတ် 30, 2022 | ရှမ်းတောင်

 အာဏာသိမ်းစစ်ကောင်စီအတွက် ဝါဒဖြန့်ဇာတ်ကားရိုက်ကူးပြီး ပြန်လာသည့် အနုပညာရှင်အဖွဲ့နှင့် စစ်ကောင်စီ ဆက်ဆံရေးအရာရှိများပါသည့် ရထား ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချို - ပြင်ဦးလွင်ကြားတွင် ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခံရမှုကို ဂီတအစည်းအရုံးနှင့် ဟာသအစည်းအရုံးအပြင် အာဏာသိမ်းစစ်ကောင်စီက ဖွဲ့ပေးထားသည့် သတင်းမီဒီယာကောင်စီကပါ PDF များကို အကြမ်းဖက်များဟု သုံးနှုန်းကာ ရှုတ်ချကန့်ကွက်ကြောင်း ထုတ်ပြန်ကြသည်ကို တွေ့ရသည်။

 အာဏာသိမ်းစစ်ကောင်စီ၏ ၇၇ နှစ်မြောက်တပ်မတော်နေ့အတွက် နေပြည်တော်၌ ဖျော်ဖြေခဲ့သော အနုပညာရှင် (၂၁) ဦး၊ အကူ(၁၂)ဦးနှင့် စစ်ကောင်စီ၏ ဆက်ဆံရေးအရာရှိများသည် အာဏာသိမ်းစစ်ကောင်စီအတွက် ဝါဒဖြန့်ရိုက်ကူးပေးပြီး ပြန်အလာ နောင်ချိုနှင့် ပြင်ဦးလွင်ကြား ဘန့်ဘွေးရွာအနီးတွင် ၂၀၂၂ ခုနှစ် မတ်လ (၂၉) ရက်နေ့ ညနေ (၄)နာရီဝန်းကျင်က မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရသည့် ရထားတွင် ရုပ်ရှင်သရုပ်ဆောင် ဒေါ်နွဲ့နွဲ့စန်း၊ အာဏာသိမ်းတပ်ထောက်ခံသူ ရွှေရူပါဦးတို့လည်း ပါဝင်သည်ဟု သိရပြီး မိုင်းဆွဲခံရမှုကြောင့် လူစီးရထား (၄) တွဲအနက် အထက်တန်းတွဲမှာ ပျက်စီးသွားကြောင်း  သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဂီတအစည်းအရုံး(ဗဟို)၊ ဟာသပညာရှင်များအစည်းအရုံးနှင့် အာဏာသိမ်းစစ်ကောင်စီဖွဲ့ထားသည့် သတင်းမီဒီယာကောင်စီတို့က ပြင်းထန်စွာ ပြစ်တင်ရှုတ်ချသည်ဟု ထုတ်ပြန်ကြရာတွင် ဂီတအစည်းအရုံး(ဗဟို)နှင့် သတင်းမီဒီယာကောင်စီတို့က အာဏာသိမ်းစစ်ကောင်စီ သုံးနှုန်းသည့် အတိုင်း တော်လှန်ရေးအင်အားစုများအား အကြမ်းဖက်သမားဟု သုံးနှုန်းထားသည်ကို တွေ့ရသည်။