ရှမ်းပြည်နယ်အတွင်း  စစ်ကောင်စီ၏ လက်အောက်ခံ ခရိုင်/မြို့နယ်/မြို့ စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ တာဝန်ထမ်းဆောင်မှု အစီရင်ခံစာများ လစဉ် တင်ပြရန် ညွှန်ကြားထား

ရှမ်းပြည်နယ်အတွင်း  စစ်ကောင်စီ၏ လက်အောက်ခံ ခရိုင်/မြို့နယ်/မြို့ စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ တာဝန်ထမ်းဆောင်မှု အစီရင်ခံစာများ လစဉ် တင်ပြရန် ညွှန်ကြားထား
မတ် 2, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီအလိုကျ ခန့်အပ်ထားသည့် ခရိုင်/မြို့နယ်/မြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်မှု အစီရင်ခံစာများကို  လစဉ် (၂၅)ရက်နေ့အရောက် မပျက်မကွက် ပေးပို့ရမည်ဖြစ်ကြောင်း စစ်ကောင်စီခန့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။

ခရိုင်/မြို့နယ်/မြို့ စီမံအုပ်ချုပ်ရေးအဖွဲ့များရဲ့ လုပ်ဆောင်ချက်တွေကို လတိုင်း ပို့ပေးရမှာပေါ့။ လစဉ် (၂၅)ရက်နေ့ထက် နောက်မကျရဘူးလို့ ညွှန်ကြားထားတယ်။ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲရုံးကနေ လက်အောက်ကို တဆင့် တဆင့် ပြန်ညွှန်ကြားပါလိမ့်မယ်

ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးမှ အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency ကို ပြောသည်။

နိုင်ငံအား စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမည်ဖြင့် အုပ်ချုပ်နိုင်ရန် ကြိုးပမ်းနေရဆဲကာလတွင် ခရိုင်/မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ကိုလည်း ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အမည်ဖြစ် ဖွဲ့စည်းလိုက်ပြီး စစ်တပ်မှ အရာရှိများကို ထည့်သွင်းလာခြင်း ဖြစ်သည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တွင် ဥက္ကဌအဖြစ် ခရိုင်အုပ်ချုပ်ရေးမှူး၊ အတွင်းရေးမှူးအဖြစ် ခရိုင်ရဲတပ်ဖွဲ့မှူး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး (၁)ဦး၊ ၊ အဖွဲ့ဝင်(၂) ဒေသကိုယ်စားပြု (၁)ဦး၊ အဖွဲ့ဝင်(၃) ခရိုင်လဝကမှူး စသည့် (၅)ဦး ပါဝင်သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွင် ဥက္ကဌ အဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ အတွင်းရေးမှူးအဖြစ် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး (၁)ဦး၊  အဖွဲ့ဝင်(၂) ဒေသကိုယ်စားပြု (၁)ဦး၊  အဖွဲ့ဝင်(၃) မြို့နယ်လဝကမှူးတို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။

 ဒေသအဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့တွင်  အဖွဲ့ဝင်(၂)အဖြစ် ထည့်သွင်းထားသည့် ဒေသကိုယ်စားပြုများမှာ ပြည်သူများအကြား အမြင်ကောင်းစေရန်သာ ဟန်ပြ ထားရှိပြီး လုပ်ပိုင်ခွင့် နှင့် အခွင့်အာဏာမရှိဟု ဌာနတွင်းပြောစကားများအရ သိရသည်။