ငွေကြေးရယူပြီး ပုံစံ ၇ ထုတ်ပေးသည့် မြေစာရင်း ဒုဦးစီးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်

ငွေကြေးရယူပြီး ပုံစံ ၇ ထုတ်ပေးသည့် မြေစာရင်း ဒုဦးစီးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်
ဒီဇင်ဘာ 2, 2019
By Tachileik News Agency
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စု၌ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် လျှောက်ထားသည့် တောင်သူများထံမှ ငွေကြေးရယူ ဆောင်ရွက်ခဲ့သည့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယဦးစီးမှူးကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားသည်။
တပ်မတော်က ပြန်လည်စွန့်လွှတ်ခဲ့သည့် ရေးမြို့နယ် အံဒင်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကွင်း၊ ကွင်းအမှတ် (၁၁၄၃)တွင် မူလပိုင်ရှင်များထံမှ ဝယ်ယူခဲ့ကြောင်း စာချုပ်များတင်ပြကာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ရရှိရေး လျှောက်ထားတင်ပြလာသည့် လယ်ပိုင်ရှင်(၁၄)ဦးထံမှ ငွေကျပ် သိန်း (၂၀၀)ကို ရေးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယဦးစီးမှူး (ဦးစီးမှူးတာဝန်) ဦးဝင်းအောင်က တောင်းခံခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ရေးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယဦးစီးမှူး (ဦးစီးမှူးတာဝန်) ဦးဝင်းအောင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်းတွင် ပထမသတင်းပေးတိုင်ကြားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ကွင်းအမှတ် (၁၁၄၃)၊ ဦးပိုင်အမှတ် (၈/၁၅)၊ (၈/၁၆)၊ (၉/၁၇)၊ (၁၄)၊ (၈)ရှိ လယ်မြေ (၄၅၃)ဧကနှင့် ပတ်သက်၍ မူလလယ်ပိုင်ရှင်များက ပြန်လည်ရရှိရေး အဆင့်ဆင့်တိုင်ကြားခဲ့သည့်အပေါ် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယဦးစီးမှူး (ဦးစီးမှူးတာဝန်) ဦးဝင်းအောင်က (၁)ဧကလျှင် (၁)သိန်းနှုန်း ပေးပါက ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်းပြောဆို၍ ငွေကျပ် သိန်း (၅၀) ပေးခဲ့ရသည့်အပေါ် အရေးယူပေးပါရန် ကော်မရှင်သို့ တိုင်ကြားသည့်အတွက်  စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~